မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မယ့် ကိစ္စတွေကို UK လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ UK လွှတ်တော်ကိုယ်စားလှယ်တို့ ဗီဒီယိုကွန်ဖရင့်ကနေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ UK လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီလို ပြောကြားခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိရေးနဲ့ လူအခွင့်အရေး ကာကွယ်တိုးမြှင့်နိုင်ရေးအတွက် UK လွှတ်တော်ကိုယ်စားလှယ်တွေက အနာဂတ်မှာ ကူညီဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်တွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ စစ်တပ်က ပြည်သူတို့အပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ ရဲ့အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ ကြားကာလ နိုင်ငံရေးအင်အားစုတွေ ပါဝင်မှုနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ အာဆီယံအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိုးရိမ်မှုတွေ၊ UK လွှတ်တော်နဲ့ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ရေး စတာတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို UK လွှတ်တော်က All-Party Parliamentary Group on Democracy in Burma ရဲ့ ဥက္ကဌ ဖြစ်သူ Ms. Rushanara Ali (Labour)နဲ့ အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာဘက်က CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။