ဂျပန်နိုင်ငံ ၊ ဖူကူရှီးမားဒေသမှာ အင်အားပြင်းငလျင်လှုပ်ခတ် လူ လေးဦးသေဆုံး

Photo – AP

ဂျပန်နိုင်ငံမှာ မနေ့ညပိုင်းက ဖူကူရှီးမားဒေသ အရှေ့မြောက်ဘက် ကမ်းရိုးတန်းကို ဗဟိုပြုပြီး အင်အားပြင်းငလျင်တခုလှုပ်ခတ်ခဲ့လို့ လူ လေးဦးသေဆုံး၊ ၉၀ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ဒေသစံတော်ချိန် ည ၁၁နာရီခွဲကျော်မှာ ဖူကူရှီးမား  အရှေ့မြောက်ဘက် ကမ်းရိုးတန်း မြေအောက်အနက် ကီလိုမီတာ ၆၀ကိုဗဟိုပြုပြီး အင်အား ၇ ဒဿမ ၄ မဂ္ဂနီကျုဒ့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။ 

ကနဦးမှာ အာဏာပိုင်တွေက ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခဲ့ပြီး ဒီနေ့ မတ်လ ၁၇ရက်နေ့ မနက်အစောပိုင်းမှာ ပြန်လည်ဖယ်ရှားခဲ့ပါတယ်။ တချို့ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခဲ့ပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတော့ မရှိတော့ပါဘူး။

ဗဟိုချက်နဲ့ ၂၇၅ ကီလိုမီတာဝေးတဲ့ မြို့တော်တိုကျိုမှာလည်း ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရပြီး အဆောက်အအုံတွေ လှုပ်ရမ်းတုန်ခါတဲ့အပြင် လျှပ်စစ်မီးတွေလည်း ၁နာရီကျော်ကြာ ပြတ်တောက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငလျင်ကြောင့် လူ ၉၀ကျော် ထိခိုက်ဒဏ်ရာရပြီး တိုကျိုဒေသအပါအဝင် စီရင်စု ၁၄ ခုက အိမ်ခြေ ၂ ဒဿမ ၂ သန်းကျော် လျှပ်စစ်မီး ခေတ္တပြတ်တောက်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့  နေရာအများစုမှာ  ဓာတ်အားပြန်လည်ရရှိခဲ့ပါတယ်။

ဖူကူရှီးမားဒေသဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ကမ္ဘာပေါ်မှာ အင်အားအပြင်းဆုံးငလျင်တစ်ခုကြောင့် ပျက်စီးခဲ့ပြီး နောက်ဆက်တွဲ ဆူနာမီလှိုင်းရိုက်ခတ်လို့ ဖူကူရှီးမားက နျူကလီးယားစက်ရုံလည်း ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် လူပေါင်း ၁၈,၅၀၀ကျော် သေဆုံး ဒါမှဟုတ် ပျောက်ဆုံးခဲ့ပါတယ်။