မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရေးယူဖို့ ကုလမဟာမင်းကြီးတောင်းဆို

Photo- AP
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကိုရှုတ်ချပြီး စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တခုလုံးအပေါ် ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို ချက်ခြင်း လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကာလတွေကို ခြုံငုံတဲ့ အစီရင်ခံစာတစောင်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Michelle Bachelet ရဲ့ ရုံးက မြန်မာစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ လူ့အသက်ကို အရေးမစိုက်ကြောင်း ထင်ရှားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုးပြီး ကျုးလွန်နေတဲ့အတွက် အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိကျပြတ်သားတဲ့ အရေးယူမှုတွေ ချက်ခြင်း ချမှတ်ဖို့ လိုတဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။
လူနေ ထူထပ်တဲ့နေရာတွေမှာ လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေသုံးပြီး ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်နေတာတွေဟာ စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့အကြောင်း ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာ ထုတ်ပြန်တာပါ။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ လက်ချက်ကြောင့် အနည်းဆုံး လူ ၁၆၀၀ သေဆုံးခဲ့ပြီး လူပေါင်း ၁၂၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူပေါင်း ၄၄၀,၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၄ သန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေပြီး အဲဒီနေရာတွေဆီ အကူအညီတွေ ပေးပို့မယ့် လမ်းကြောင်းတွေကိုလည်း အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ထားတယ်လို့ အစီရင်ခံစာ ဆိုပါတယ်။