ယမန်နေ့ညက ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ဝင်းအတိုက်ခံရပြီးနောက် မင်းအောင်လှိုင်အတွက် ထပ်အသေမခံနိုင်ဘူးဆိုတဲ့စကားသံဟာ တပ်တွင်းမိသားစုတွေကြား ကျယ် လောင်စွာပြောဆိုနေကြတယ်လို့ သိရပါတယ်။
ယမန်နေ့ည၉နာရီကျော်က ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)နောက်တန်းဌာနချုပ်အပါအဝင်၃နေရာ တိုက်ခိုက်ခံရပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ခလရ(၉၇)မိသားစုတွေကြား မင်းအောင်လှိုင်ဆန့်ကျင်ရေးကို အော်ဟစ်ပြောဆိုနေကြကြောင်း တပ်တွင်းမိသားစုဝင်တစ်ဦးကပြောပြတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
‘ဒီမနက်မှာပြောနေကြတာ။မင်းအောင်လှိုင်အာဏာရူးလို့ ငါတို့မိသားစုတွေဘဝပျက်ရတာ၊မင်းအောင်လှိုင်အ တွက်ထပ်အသေမခံနိုင်ဘူး၊မကျေနပ်ရင် လာဖမ်းသွား၊ထောင်ထဲမှာဆို အခုထက်ပိုပြီး ကောင်းကောင်းစား နိုင် မယ်ဆိုတာမျိုး ဆန္ဒပြကြတာတော့မဟုတ်ဘူး။သူတို့ချင်းကြား အပြန်အလှန် အော်ဟစ်ပြောနေကြတယ်လို့ ပြန်သိရတယ်’လို့ သူကပြောပါတယ်။
မတ်လ၁၁ရက်နေ့ကလည်း KNU နဲ့တိုက်ပွဲမှာ ခလရ(၉၇) ယာယီတပ်ရင်းမှူး အပါအဝင်၂၀သေဆုံးပြီး ၁၀ဦးကျော် ပျောက်ဆုံး၊၁၆ဦး အဖမ်းခံခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၁၀ဦးလောက်သာတပ်ရင်းပြန်ရောက်ရှိခဲ့ကြောင်းတပ်တွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
‘အဲဒီအချိန်ကတည်းက မိသားစုတွေသောင်းကျန်းကြတာ။အခုပိုဆိုးတာက ကိုယ့်လင်သားသေတာကိုတောင် သေတယ်လို့မပြောဘူး။အလောင်းပြန်မရဘူး။သေတာကို သေတယ်လို့အတည်ပြုလိုက်ရင် ကျန်ရစ်တဲ့မိသားစု တွေကို သတ်မှတ်ကြေးပေးရမှာစိုးလို့ ပျောက်သလိုလို လျှောက်ပြောနေတာဆိုပြီးလည်း ပေါက်ကွဲနေကြတယ်ပြောတယ်’လို့ သူကဆက်ပြောပါတယ်။
ယမန်နေ့ည၉နာရီကျော်က ခလရ၉၇ ၊ကော့ကရိတ်မြို့ပြင်ရှိ အာရှလမ်းမကြီးဘက်နဲ့ ကမိုင်ကုန်းရွာဘက် တို့မှာ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေကြားခဲ့ရပြီး သေဆုံးထိခိုက်မှုကိုတော့ မသိရသေးပါဘူး။