ကားလမ်းနဲ့ရေကြောင်း ညအချိန် အသုံးမပြုဖို့ ထုတ်ပြန်

မန္တလေး-မဘိမ်း လမ်းပေါ်နဲ့ ဧရာဝတီမြစ်အတွင်း ညဘက်ခရီးသွားလာခြင်း မပြုကြဖို့ ရွှေကူ PDF က ဒီကနေ့မနက်ကစပြီး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မန္တလေး-ဗန်းမော်-မဘိမ်း-ဟန်ထက် (အောက်ချောင်းလမ်း)၊ငါးအိုး-မဘိမ်းလမ်းနဲ့ ဧရာဝတီမြစ်ကြောင်းအတွင်း ည ၇ နာရီကနေ ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့နဲ့ လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဖြတ်သန်းသွားလာရမယ့် အချိန်အတွင်း ကားမှန်ချထားဖို့၊ မိုးကာ မအုပ်ထားဖို့၊ စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်တွေ လုံးဝသယ်ဆောင်ခြင်း မပြုကြဖို့လည်း ထုတ်ပြန်ပါတယ်။
ကသာမြို့ရပ်ကွက် ၅ နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘တခြားနေရာတွေလိုပဲ စစ်ခွေးတွေက အိမ်စီးကားတွေနဲ့ ညဘက်တွေမှာ သွားလာနေလို့ အခုလို ပြည်သူကို သတိပေးတာလို့ထင်ပါတယ်’ လို့ ဆိုပါတယ်။
ပုဂ္ဂလိက မော်တော်ယာဉ်တွေ အနေနဲ့လည်း စစ်အုပ်စုနဲ့ပတ်သက်တာတွေ သယ်ယူပို့ဆောင်ခြင်း မလုပ်ဖို့လည်း သတိပေးထားပါတယ်။