စစ်ကိုင်းတိုင်း၊ ကလေးမြို့ အရှေ့ဘက်မှာ အင်အားပြင်းထန်တဲ့ အမြောက်သံတွေကို ဒီနေ့မနက် အစောပိုင်းမှာ ကြားရတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၅ နာရီကျော်လောက်က ကလေးမြို့ အရှေ့ဘက်လမ်းဆုံတစ်ဝိုက်ကနေ အမြောက်သံ နှစ်ကြိမ်ကြားရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Zalen က ဖော်ပြပါတယ်။
အမြောက်ပစ်ခတ်မှုကြောင့် မြေကြီးနဲ့ အိမ်တုန်ခါသွားတယ်လို့ ဒေသခံတွေကပြောကြောင်း သိရပါတယ်။
ဒီနေ့မနက် ၄ နာရီ မိနစ် ၄၀ ဝန်းကျင်ကလည်း အမြောက်သံတစ်ကြိမ် ကြားခဲ့ရသေးတယ်လို့လည်း ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့က ပစ်လိုက်တဲ့ အဝေးပစ်အမြောက်ဟာ နတ်မြောင်းရွာနဲ့ ချင်းပြည်နယ် ဝေဘူလမြို့အနီးမှာ ကျရောက်ပေါက်ကွဲသွားတယ်လို့ Zalen က ဆိုပါတယ်။
မတ်လ ၁၄ ရက်နေ့ခင်းပိုင်းမှာ ကလေးမြို့နယ်၊ ကြာအင်းရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့လည်း Zalen က ဆိုပါတယ်။