PDF တွေအတွက် လက်နက်အနည်းဆုံး လိုအပ်ချက်ကို မကြာမီ ဖြည့်ဆည်းနိုင်မယ်လို့ NUG ပြော

PDF တွေအတွက် လက်နက်ခဲယမ်းမီးကျောက် အနည်းဆုံးလိုအပ်ချက်ကို မကြာမီ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတော်လှန်စစ် ၆ လပြည့် အစီရင်ခံစာမှာ အဲဒီလိုဖော်ပြထားပါတယ်။
‘အခုဆိုရင် ကျွန်တော်တို့ အနေနဲ့ မဟာမိတ်များရဲ့အကူအညီနဲ့ စစ်လက်နက်ခဲယမ်းမီးကျောက် ပမာဏတစ်ခု ကို လက်လှမ်းမီထားပြီဆိုတာ သတင်းကောင်းပါးလိုပါတယ်။ သို့သော်၊ ဒီပမာဏဟာ PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ရေးဆိုတာနဲ့တော့ အများကြီးအလှမ်းဝေးနေဆဲ ဖြစ်တယ်ဆိုတာကို ဝန်ခံရပါမယ်’ လို့ အစီရင်ခံစာက ဆိုပါတယ်။
လက်နက်ခဲယမ်းတွေကို စစ်မဟာဗျူဟာ စီမံချက်တွေအရ အရေးပါတဲ့ နယ်မြေဒေသတွေကို အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ပြီး ဦးစားပေး အစီအစဉ်အတိုင်း စနစ်တကျဖြန့်ဝေတပ်ဆင်မှုတွေ ဆက်တိုက် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအတွက် ပြည်သူတွေလှူဒါန်းထားမှုအရ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိ ခဲ့ပြီး အဲဒီရန်ပုံငွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူမှုနဲ့ ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
‘ခုခံတော်လှန်စစ်မှာ အတူလက်တွဲဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ မဟာမိတ်များ လက်နက်ခဲယမ်းမီးကျောက်ဖြည့်တင်းဖို့နဲ့ အခြားလိုအပ်တဲ့ အသုံးစရိတ်များအတွက် ဒီရန်ပုံငွေရဲ့ ၇ ရာခိုင်နှုန်းကို မျှဝေသုံးစွဲခဲ့တာလည်း ရှိတယ်’ လို့ အစီရင်ခံစာက ဆိုပါတယ်။