ယုံကြည်ချက်ကို ချိတ်ပိတ်မခံခဲ့တဲ့ ဧရာဝတီတိုင်းက လူပျော်ကြီး ( သဘောထားအမြင် ဆောင်းပါး)

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်တာဝန်တွေကို လက်လွှဲပြောင်းရယူခါနီးမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့တွေဟာ နှုတ်ဆက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။

ဦးသိန်းအောင်ဦးဆောင်တဲ့ ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဟာလည်း ပုသိမ်ဟိုတယ်ရဲ့ မြက်ခင်းပြင်ပေါ်မှာ နှုတ်ဆက်ပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီနုတ်ဆက်ပွဲမှာ ဦးသိန်းအောင်ရဲ့ နှုတ်ဆက်မိန့်ခွန်းအပြီး အားရပါးရ ရီမောလိုက်တဲ့ ရယ်သံတခုဟာ ဟိန်းထွက်ခဲ့ပြီး ပွဲပျက်လုမတတ် ဖြစ်ခဲ့ရပါတယ် ။

ဒီအသံပိုင်ရှင်ကတော့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့ လူပျော်ကြီးလို့ အများက ချစ်ခင်ကြတဲ့ မော်လမြိုင်ကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ပါပဲ။

“ကြံ့ဖွံ့က ဦးသိန်းအောင်တို့က နုတ်ဆက်ပွဲလုပ်နေတာ၊ အဲ့အချိန်ကျွန်တော်တို့က လွှတ်တော်တက်ဖို့အတွက် ပုသိမ်ဟိုတယ်မှာ ရောက်နေတာ ဦးသိန်းအောင်က မာန်ပါပါနဲ့ စင်ပေါ်ကနေ ကျွန်တော်တို့က တိုင်းပြည်ကို ပညာမတတ်တဲ့သူတွေလက်ထဲ ထားခဲ့ရမှာကို စိတ်မကောင်းပါဘူးတဲ့ ကျွန်တော်တို့ရှုံးတာ မဟုတ်ဘူး ခတ္တနားတာပါ ကျွန်တော်တို့ ပြန်လာမှာပါလို့ ပြောတော့ အစ်ကိုရီတာဆိုတာ ဟက်ဟက်ပက်ပက်ပဲ မိုက်ထဲအသံဝင်သွားတာ သတိမထားမိဘူး ပွဲပါပျက်ခါနီးရော”လို့ ဦးကျော်ကျော်က လွှတ်တော်ကိုယ်စားလှယ်ဘဝရဲ့ အမှတ်တရတစ်ခုကို ရီကာမောကာနဲ့ ပြောပြပါတယ်။

ဦးကျော်ကျော်ဟာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ဇာတိဖြစ်ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာကတည်းက စစ်အာဏာရှင်ဆန့်ကျင်မှုတွေကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

မြေအောက်လှုပ်ရှားမှု အဖြစ်နဲ့ အိန္ဒိယနယ်စပ်ကိုသွားပြီး ABSDF နဲ့ ချိတ်ဆက်ကာ ပြည်တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ၊ စာအုပ်တွေကို ဖြန့်ဝေခဲ့သူလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ပညာဒါနကျောင်းဆရာအဖြစ် လုပ်ခဲ့တဲ့ ဦးကျော်ကျော်ဟာ မော်လမြိုင်ကျွန်းမြို့မှာ ပညာဒါနကျောင်းတွေ တည်ထောင်ခဲ့တယ် ။ ဖောင်ဒေးရှင်းတွေ တည်ထောင်ပြီး စာပေဟောပြောပွဲများစွာကို ဦးဆောင်ခဲ့သလို လင်းသစ်အိမ် ကလောင်အမည်နဲ့ ကဗျာတွေလည်း ရေးသားခဲ့သူ ဖြစ်ပါတယ် ။

ဇနီးဖြစ်သူ ကျောင်းဆရာမကြီးဟာ ဦးကျော်ကျော်ကြောင့် တစ်ကြိမ်တစ်ခါမှ ရာထူးမတိုးပဲ ရပ်ဝေးနေရာတွေကို ပို့ဆောင်ခံခဲ့ရပြီး အခုချိန်မှာတော့ CDM ကျောင်းဆရာမအဖြစ် ဦးကျော်ကျော်နဲ့အတူ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေခဲ့ပါပြီ ။

၂၀၂၀ရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက် ရွေးချယ်ခဲ့တာမရှိဘဲ နိုင်ငံရေးကနေ အနားယူပြီး ကဗျာတွေရေးမယ်ဆိုတဲ့ ဦးကျော်ကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာတော့ ပြည်သူက မပေးဘဲ သူ့ပုခုံးပေါ်ကျရောက်လာတဲ့ တာဝန်တွေကို မငြင်းခဲ့ပါဘူး။

“အာဏာသိမ်းတယ်ဆိုကတည်းက အရင်ဆုံးထွက်လုပ်တာ အိမ်ရှေ့ထွက်ပြီး အလံထောင်တာပဲ။ မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့ ဦးကျော်ကျော်ရဲ့ နေအိမ်ကို စစ်ကားလေးစီးနဲ့ လာဖမ်းခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပါတယ် ။
အဲ့အချိန်သူတို့က ဖမ်းမမိဘူး ပြေးသွားတယ်လို့ အထက်ကို တင်တော့ နောင်နေ့တွေလည်းကျရော ဆန္ဒပြပွဲတွေမှာ ပြန်ပြန်တွေ့ရတော့ သူတို့ ပိုပိုတင်းသွားရော၊ ရွာတွေဆင်းလိုက် တပည့်တွေအိမ်ပတ်နေလိုက် ဆန္ဒပြပွဲတွေလုပ်လိုက် ပြန်ဝင်လာလိုက်၊ နောက် နယ်မှာအခြေအနေဆိုးလာတော့ ရန်ကုန်မှာနေတယ် ရန်ကုန်မှာ ဆန္ဒပြပွဲတိုင်း အကုန်ပါတယ်”လို့ စစ်အုပ်စုရဲ့ အာဏာသိမ်းယူပြီးစအချိန်က အတွေ့အကြုံကို ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင်ချိန်မှာတော့ ဒီပွဲဟာ ပြန်ချကိုချမှရမယ်လို့ အတွေးရောက်ခဲ့ပြီး ကျောင်းဆရာ၊ ကဗျာဆရာ ၊လွှတ်တော်ကိုယ်စားလှယ်ကနေ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

“တကယ်တော့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို လုံးဝမကြိုက်ဘူး သို့သော် လက်နက်ကိုင်ပြီး ပြန်တိုက်မှရမဲ့ အခင်းအကျင်းကရှိနေပြီ၊ အဲ့ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်က လွဲပြီး အခြားရွေးချယ်စရာ မရှိတော့လို့ ကိုင်ခဲ့တယ်”လို့ ဆိုပါတယ်။

တောတောင်ထဲကို မရည်ရွယ်ဘဲ ရောက်ရှိလာခဲ့တဲ့ ဦးကျော်ကျော်အတွက် ဘာတွေရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါသလဲ။

“ရောက်ရောက်ခြင်းမှာ အိမ်သာအရမ်းတက်ချင်တော့ ဘာသာပြန်ပေးမဲ့သူကို အိမ်သာမေးတာ ၊ သူတို့က ဒီမှာ အိမ်သာမသုံးတဲ့၊ကောင်းရောဟေ့ ၊ တစ်ခါထဲ တွေ့သမျှသစ်ရွက်ခူး ကိုင်းတွေချိုးပြီး တောထဲပြေးလိုက်တာ အခုတော့ အတော်ကိုကျွမ်းကျင်နေပြီ၊ တောထဲစရောက်တော့ တော်တော်လေးခံလိုက်ရတာက မြို့ထဲက ကျန်းမာရေးမကောင်းလို့ ဆေးအမြဲပြနေရတာလေ အစ်ကိုက၊ ရေသွားချိုးရင် နာရီဝက်တစ်နာရီ သွားရတယ် ပြန်လာရင် မောဟိုက်နေရော၊ အတူနေတဲ့ မိတ်ဆွေတစ်ယောက်က အစ်ကိုမျက်မှန်ကို တက်နင်းမိတာ ဘာမှမမြင်ရဘဲ ကန်းရော အဲ့လိုနဲ့ ၅ လလောက်နေရတယ်”လို့ ရီကာမောကာနဲ့ ပြောပါတယ်။

အခုချိန်မှာတော့ ဦးကျော်ကျော်ဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ သင်တန်းနည်းပြဆရာအဖြစ်နဲ့ သင်တန်းများစွာကို ပေးခဲ့သူတယောက် ဖြစ်နေပါပြီ ။

အာဏာအသိမ်းခံလိုက်ရလို့ တစ်နိုင်ငံလုံးက လူငယ်အများအပြားဟာ စစ်အုပ်စုကို ဖြုတ်ချဖို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြတယ် ။ဒါပေမယ့် အခုလို လူထုတော်လှန်ရေးအတွင်းမှာ တချို့သော နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကတော့ ပါဝင်မလာခဲ့ပါဘူး ။

“လူတစ်ယောက်နဲ့ တစ်ယောက်က ခံယူချက်မတူကြဘူး။ ပါစင်နယ်ဖြစ်မှာစိုးလို့ ဒီစကားကို ထိန်းပြောတာပေါ့။ ရန်သူဘက် စကစ မှာတင် မိုးကျရွှေကိုယ်ရှိတာ မဟုတ်ဘူး ကျွန်တော်တို့ဘက်မှာလည်း ရှိပါတယ်။

နိုင်ငံအကျိုးထက် ကိုယ်ကျိုးစီးပွားရှာတဲ့ နိုင်ငံရေးသမားတွေနဲ့ သူက တတန်းထဲ ရှိနေမနေချင်ပါဘူး ။ အဲဒါကြောင့်လည်း တော်လှန်ရေးမှာ သူက ပြတ်ပြတ်သားသား ရပ်တည်ပါဝင်ခဲ့တာလို့ ဆိုပါတယ် ။

ဖေဖော်ဝါရီ ၁ ကနေစပြီးတော့ ၊ အဲ့လိုအခြေအနေမျိုးမှာ ကဗျာဆရာရယ်မှ မဟုတ်ဘူး ဘယ်နယ်ပယ်ကဖြစ်ဖြစ် လူသားဆန်တဲ့စိတ်ဓာတ်ရှိတဲ့ လူတိုင်းဟာ ဘယ်ဘက်က ရပ်တည်ရမယ် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားကြတာပဲ ။ ဒီလိုအချိန်မှာ ဓမ္မနဲ့ အဓမ္မကို ကွဲကွဲပြားမသိကြဘူးဆိုရင် ဘယ်လောက်တော်နေတဲ့ ကဗျာဆရာပဲဖြစ်ဖြစ် မီဒီယာသမားပဲဖြစ်ဖြစ် ဘယ်နယ်ပယ်ကဖြစ်ဖြစ်၊ အခုလို လူသားဆန်တဲ့ နှလုံးသားမရှိရင် လူမဟုတ်ဘူး”

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုတွေနဲ့ သင်တန်းတွေများစွာကို ဖွင့်နိုင်ခဲ့တဲ့ ဦးကျော်ကျော်ဟာ NUG ကြောင့် နိုင်ငံရေးစစ်မျက်နှာမှာ အသာစီးရနေပေမယ့် မြေပြင်အခြေအနေမှာ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ပြောပါတယ် ။

“နိုင်ငံရေးမပါတဲ့ လက်နက်တော်လှန်ရေး မအောင်မြင်ဘူး။ နိုင်ငံရေးပါတဲ့ လက်နက်ကိုင်တော်လှန်ရေးကိုပဲ သွားရမယ်။ နိုင်ငံရေးလမ်းစဉ်နဲ့ ပက်သက်ပြီးတော့ NUG ကသွားနေတယ်။ ကျွန်တော်တို့က ကူရမယ်။ NUG နဲ့ ပက်သက်ပြီး ပြောရမယ်ဆိုရင် အခုဖွင့်တဲ့ သင်တန်းတွေမှာ သူတို့ထောက်ပံ့ပါတယ်။ ရိက္ခာပိုင်းအရရော ယူနီဖောင်းအပိုင်း ထောက်ပံ့ပါတယ်။ အခု NUGကြောင့်ပဲ နိုင်ငံရေးစစ်မျက်နှာမှာ အသာစီးကြီးကြီးမားမားရထားပြီလေ။ မြေပြင်မှာတော့ အသာစီးမရပါဘူး။ စစ်လက်နက် စစ်ရေးအတွေ့အကြုံ အဲ့ဒါတွေကတော့ အခုနည်းနည်းအားနည်းနေသေးတယ်”

အကြမ်းဖက်စစ်အုပ်စုဟာ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဦးကျော်ကျော်ရဲ့ မိတ်ဆွေတွေကိုလည်း သူနဲ့ဆက်သွယ်တဲ့အတွက် ဖမ်းပါတယ်။ သူ့ရဲ့မိတ်ဆွေကို အခုလို မဆိုင်ဘဲ ဖမ်းဆီးခဲ့တဲ့ အပေါ်မှာတော့ စိတ်မကောင်းများစွာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးဟာ နိုင်ကိုနိုင်မဲ့ တိုက်ပွဲတစ်ခု ဖြစ်တယ်လို့ ဦးကျော်ကျော်က အပြည့်အဝယုံကြည်ထားပါတယ်။

“တော်လှန်ရေးက ဘယ်တော့ အောင်မြင်မလဲ မေးလာတာကို ကိုယ့်ကိုကိုယ် မှန်ကြည့်ပြီးမေးပါလို့ဖြေချင်တယ် ။ ကိုယ်ဘာလုပ်နေလဲဆိုတာအပေါ် မူတည်တယ်။ ကျွန်တော်တို့ တစ်ဦးချင်းတစ်ဦးချင်းက ဘယ်ဘက်မှာရပ်တည်နေသလဲ ပြန်ဆင်ခြင်ပါ။ ကျွန်တော်တို့ ဓမ္မဘက်ကို ရပ်တည်သူများရင် ဓမ္မက နိုင်မှာဘဲ ။ ကိုယ်ကျိုးစီးပွားအတွက် ကိုယ့်ရဲ့အနေအစားလေး မပျက်ဖို့အတွက် ကိုယ့်သားသမီးရဲ့ အနာဂတ်ကိုတောင် ထည့်မကြည့်ဘဲနဲ့ ၊ ကိုယ့်ဖြစ်တည်ချက်လေး ပျက်စီးမှာစိုးပြီး အဓမ္မကို အားပေးတဲ့သူတွေ များနေမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးက နည်းနည်းကြာမယ် ။ ဒီတော်လှန်ရေးက နိုင်ကိုနိုင်မယ်လို့ ယုံကြည်နေတယ်။ ယုံတဲ့အတွက်လည်း ဒီလိုတောထဲတောင်ထဲမှာ လာနေဖြစ်တယ် ။

ဧရာဝတီတိုင်း လွှတ်တော်ရဲ့ လူပျော်ကြီးဟာ အခုချိန်ထိ ယုံကြည်ချက် ခိုင်မာစွာ ရပ်တည်နေသလို ပြည်သူတွေကိုလည်း အမြဲကျေးဇူးတင်ကြောင်း စကားဆိုပါတယ်။

ပြည်သူတွေ အားတင်းထားပါ ကျွန်တော်တို့ ဒီပွဲမှာ ပြည်သူတွေစိတ်ဓာတ်ကျရင် တိုင်းပြည်နာသွားလိမ့်မယ် လုံးဝစိတ်ဓာတ်မကျပါနဲ့၊ ဒီပွဲ ကျွန်တော်တို့ ကျိမ်းသေနိုင်ရမယ်”လို့ ဆေးပေါ့လိပ်ခဲကာ ပြောဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လူမနေတံခါးပိတ်ထားတဲ့ ဦးကျော်ကျော်ရဲ့ မော်လမြိုင်ကျွန်းမြို့ နေအိမ်ကို ချိတ်ပိတ်ခဲ့ပေမဲ့ သူ့ရဲ့ ယုံကြည်ချက်ကိုတော့ ချိတ်ပိတ်လို့ မရခဲ့ဘူးဆိုတာ အသေအချာပါပဲ ။