ဒလန်လို့ အများသတ်မှတ်တဲ့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ဖို့ စနိုက်ပါသမားတွေကို ကင်းချထား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ် ဒလန်လို့အများကသတ်မှတ်ထားတဲ့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ဖို့ အကြမ်းဖက်စစ်တပ်ဟာ မီးသတ်ရုံးအပေါ်မှာ စနိုက်ပါသမား ၃ ဦး ကင်းချထားတယ်လို့သိရပါတယ်။
ခရမ်းစတိုး လိပ်ပြာတောင်ဆိုင်ခွဲ ခေါင်းရင်း၊ လျှပ်စစ်ရုံးရှေ့တည့်တည့်၊ မီးသတ်ရုံးအနီးက မုန့်ဟင်းခါးဆိုင်ကို စစ်သတင်းပေး ဒလန်ဆိုင်လို့အများက သတ်မှတ်ထားပြီး ခရမ်း PDF က မတ်လ ၁၀ ရက်နေ့က အဲဒီမုန့်ဟင်းခါးဆိုင်ကို သတိပေးထုတ်ပြန်ခဲ့ပြီးနောက် ၁၁ ရက်နေ့ညပိုင်းကစလို့ စနိုက်ပါသမားတွေ ချထားခြင်းဖြစ်တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းမီဒီယာက ဖော်ပြပါတယ်။
ခရမ်း PDF က ဒလန်မုန့်ဟင်းခါးဆိုင်မှာ ၀ယ်ယူစားသောက်ခြင်းမပြုကြဖို့ မတ်လ ၁၀ ရက်နေ့က ခရမ်းပြည်သူတွေကိုပန်ကြားထားပါတယ်။
ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘ကျွန်တော့်အမြင်က စစ်ခွေးတွေက သူတို့ကိုဒလန်လုပ်ပေးနေတဲ့ကျေးဇူးရှိပါလားဆိုပြီး မုန့်ဟင်းခါးဆိုင်ကို စနိုက်ပါကင်းချပြီးစောင့်ရှောက်ပေးတာတော့ မဟုတ်ဘူးဗျ။ မုန့်ဟင်းခါးဆိုင်ကို တည်ချက်လုပ်ပြီး PDF တွေလာရင် ပစ်ရအောင် စောင့်နေတဲ့သဘောပါ။ PDF တွေက မုန့်ဟင်းခါးဆိုင်လို နေရာမျိုးမှာ ဘာမှမလုပ်ဘူးဆိုတာလောက် သူတို့တွေးခေါ်နိုင်စွမ်းမရှိကြဘူး’ လို့ ဆိုပါတယ်။
မုန့်ဟင်းခါးဆိုင်အနီးနေ ပြည်သူတစ်ဦးကတော့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ပေးဖို့ စနိုက်ပါကင်းချထားတယ်လို့ဆိုကြောင်း ခရမ်းမီဒီယာက ဖော်ပြပါတယ်။
ခရမ်း PDF က ပန်ကြားပြီးနောက် အဲဒီမုန့်ဟင်းခါးဆိုင်မှာ လာရောက်စားသုံးသူ သိသာစွာ ကျဆင်းသွားကြောင်းလည်းတက်ကြွလှုပ်ရှားသူက ပြောပါတယ်။