မံစီဒေသမှာ စစ်အုပ်စုနဲ့ KIAတို့ တိုက်ပွဲဖြစ်ပွား

Photo-KIA
ကချင်ပြည်နယ် မံစီမြို့နယ် မုန်ခေါန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်၉နာရီလောက်မှာ KIA တပ်မဟာ(၃) တပ်ရင်း ၂၇နယ်မြေ မံစီမြို့နယ် မုန်ခေါန်ကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၈၈နဲ့ ခလရ ၁၂၁တို့က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KIAက ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်သူတွေရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မတ်လ ၁၀ရက်နေ့ကလည်း မော်ဆွေနဲ့ ဘန်ခုန်ယန်ကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIAတပ်ဖွဲ့တို့ သုံးကြိမ်တိတိ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မုန်းခေါင်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ဒေသခံတွေကိုလည်း အပြင်မထွက်ဖို့ တားမြစ်ထားတယ်လို့ KIAရဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။