မအူပင်မြို့မရဲစခန်းမှူး နေအိမ်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သားတစ်ဦးသေ

ဧရာဝတီတိုင်း မအူပင်မြို့နယ် မအူပင်မြို့မရဲစခန်းမှူး နေအိမ်အတွင်း ပစ်ခတ်မှုတစ်ခုဖြစ်ပွားကာ ရဲတပ်သားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၂ရက်နေ့ ည၇နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ရဲတပ်သားအသစ်ဟာ စခန်းမှူးရဲ့ သေနတ်ကို ယူဆော့ရင်း မတော်တဆကျည်ထွက်သွားပြီး သေဆုံးခဲ့တာလို့ စစ်အုပ်စုဘက်က သတင်းတွေ ထုတ်ပြန်နေပေမယ့် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ စခန်းမှူး ညွှန့်လှိုင်ဟာ အရက်မူးပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“စခန်းမှူးသေနတ်ကို သူ့အိမ်မှာနေတဲ့ ရဲသားသုံးယောက်က ယူဆော့ရင်းနဲ့ ကျည်ထွက်ပြီး သေတာလို့သူတို့ကတော့ ဆေးရုံကိုပြောတယ်၊ အထဲက ရဲတွေကပြောတာကတော့ စခန်းမှူးက မူးပြီးတော့ သေနတ်နဲ့ချိန်ရင်း ကျည်ထွက်သွားတာလို့ ပြောနေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကျည်ဆံထိမှန်ခဲ့သူ ရဲတပ်သားဟာ နေရာမှာပဲ သေဆုံးသွားပြီး မအူပင်ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။