သထုံပြည်သူတွေ ရှောင်ရှားကြရမယ့် နေရာကို PDF ထုတ်ပြန်

မွန်ပြည်နယ်၊ သထုံမြို့ပေါ်က ပြည်သူတွေ အသွားအလာမလုပ်ဘဲ ရှောင်ရှားကြရမယ့် နေရာတွေကို သထုံ PDF ကထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၁၄ ရက် နောက်ပိုင်းကစပြီး အသွားအလာ အထူးဂရုစိုက်ကြဖို့နဲ့ လူစုလူဝေးနေရာတွေ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
ထွေအုပ်ရုံးဘက်နေရာ၊ လေယာဉ်ကွင်းအနီး ၊ မြို့နယ်ခန်းမ အနီး၊ လ.ဝ.က ရုံးအနီး၊ E.P.C (မီတာရုံး) အနီး၊ ခရိုင်ထွေအုပ်ရုံး အနီး၊ ‌က.ည.န ရုံးအနီး၊ ထွေအုပ်ရုံးဝန်ထမ်းနဲ့ E P.C ရုံးဝန်ထမ်းနေအိမ်အနီးတို့ကို ပြည်သူတွေရှောင်ရှားကြဖို့ သထုံ PDF က ထုတ်ပြန်ပါတယ်။
သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘အခုလို နေရာအတိအကျတွေ ဖော်ပြပြီး ရှောင်ရှားကြဖို့ ကြိုတင်အသိပေးတာ ကြိုဆိုပါတယ်။ ဒါပေမဲ့ အရင်တုန်းက မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့လို သထုံဈေးလို ပြည်သူတွေ သွားလာနေတဲ့ နေရာတွေမှာ မလုပ်မိဖို့ လိုပါတယ်’ လို့ဆိုပါတယ်။