စစ်ကိုင်းတိုင်း၊ နယ်၊ သပြေအေးရွာကို အရက်မူးနေတဲ့ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ရာ တစ်ရွာလုံးပြာကျခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၁ ရက်နေ့ ည ၈ နာရီလောက်မှာ ရွာအပြင်ဘက်အနောက်မြောက်ဘက်မှာရှိနေတဲ့ အကြမ်းဖက်စစ်သားတွေဟာ လူသူကင်းမဲ့နေတဲ့ရွာထဲ ဝင်ရောက်ဖောက်ထွင်းပြီးနောက် မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
‘စစ်ခွေးတွေလာတော့ ရွာသားတွေ တောထဲဝင်ပြေးကြရတယ်။ အဲဒါနဲ့ သပြေအေးရွာထဲက နွားတစ်ကောင်ကို သတ်စားတယ်။ သောက်စားမူးယစ်ပြီးတော့ ရွာထဲဝင်လုတယ်။ ရွာထဲဝင် မီးရှို့တာတော့ စခ ၁၅ ယောက်လောက်ရှိမယ်။ ဘာ့ကြောင့် မီးရှို့သလဲဆိုတော့ ဘာအကြောင်းပြချက်မှမရှိဘဲ သက်သက်မဲ့ မူးပြီးရှို့တာ။ ပုလဲမှာ ဒီကောင်တွေ မီးရှို့တဲ့အခါတိုင်း မူးရူးနေကြတာချည်းပဲ’ လို့ သူကပြောပါတယ်။
ရွာထဲ မီးရှို့နေချိန်မှာ ရွာအပြင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်သား ၃၀ ကျော်ကို ပုလဲပကဖနဲ့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် အဖွဲ့ ၄ ဖွဲ့က နှစ်လက်မတူမီးလို့ခေါ်တဲ့ လက်နက်ကြီးနဲ့ ၅ ချက်ပစ်ခဲ့ရာ အကြမ်းဖက်စစ် သားတွေ တည့်တည့်ကျရောက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရတာရှိတယ်လို့ သိရပါတယ်။
‘ညဘက်မို့လို့ ဘယ်လောက်သေသလဲ အတည်မပြုနိုင်တာပဲရှိတယ်။ ကျိန်းသေပေါက် သေတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ၂ ချက် ပြန်ပစ်တယ်။ ဘယ်သူမှ ထိခိုက်မှုမရှိဘူး’ လို့ ရဲဘော်ပေက ဆိုပါတယ်။
မတ်လ ၁၀ ရက်နေ့ကလည်း သပြေအေးရွာအနီးက အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ နှောရိုးရွာကို အကြမ်းဖက်တပ်က အကြောင်းပြချက်မရှိဘဲ ဝင်ရောက်လုယက်မီးရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။