စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၃ဦးသေဆုံးပြီး သေဆုံးသူ စစ်သားတစ်ဦးရဲ့ အလောင်းကို နွားချေးပုံအတွင်း ဖြစ်သလို မြုပ်နှံခဲ့တယ်လို့ ဝက်လက်မြို့နယ် PDF တပ်ရင်း(၂)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မတ်လ ၉ရက်နေ့မှာ ကမ်းဖြူကျေးရွာဘက်ကနေ ရွှေကျင်းကျေးရွာဘက်ကို အင်အား ၆၀ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၃ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် မတ်လ ၁၀ရက်နေ့ မနက် ၆နာရီခန့်မှာ တောင်ကုံကျေးရွာမှာ ရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်လက်မြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သေဆုံးသွားတဲ့ သူတို့ရဲ့ စစ်သားတွေအနက် အောက်ခြေစစ်သားတစ်ဦးရဲ့ အလောင်းကို ကျေးရွာအတွင်းမှာရှိတဲ့ နွားချေးပုံအနီးမှာ ဖြစ်သလို မြုပ်နှံခဲ့တာကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။