ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့်အကွာမှာရှိတဲ့ လေးကေကော်ဒေသတစ်ဝိုက်ကို အကြမ်းဖက်စစ်အုပ်စုက Mi17 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မနေ့က မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ လေးကေကော်၊ ရသေ့ဂူ၊ လေးကပေါ် ရေတံခွန်တောင်ကျောဘက်၊ မဲကနယ်စတဲ့ နေရာတွေကို စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
လေးကေကော်ကို ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းတွေဟာ KNLA ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့ ပစ်ခတ်တာကို ခံနေရပြီး သေဆုံးဒဏ်ရာရရှိသူတွေ များပြားနေကာ ပိတ်မိနေတာကြောင့် လေကြောင်းပစ်ကူတိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ စစ်ကောင်စီတပ်တွေ ရသေ့ဂူ နဲ့ ရေတံခွန် တောင်ဘက်ကို ထိုးစစ်စစ်ကြောင်းနဲ့ တိုက်ဖို့ လုပ်နေတာ တစ်ပတ်ကျော်ပြီ၊ အမြှောက်ကုန်းက လက်နက်ကြီးက ပစ်ကူပေးတယ်။ သူတို့ တစ်ပတ်ကျော်ပြီ ပစ်မနိုင် သေးဘူး၊ သေတာ ဒဏ်ရာရတာ ရှိလာပြီး ပြန်ဆုတ်လို့မရ ပိတ်မိနေတာမှာ လေယာဉ်လာပြီး ပစ်ကူပစ်ခိုင်းရတဲ့ အခြေအနေအထိရှိလာတဲ့ တိုက်ပွဲလို့ ပြောရမှာပေါ့နော့်။ “လို့ KNLA ပူးပေါင်းတပ်ဖွဲ့က တပ်မှူးတစ်ဦးက KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၅ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။
Source- KIC