မန္တလေး-မုံရွာလမ်းမပေါ် စစ်အုပ်စုယာဉ်တန်း အတိုက်ခံရ

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းမပေါ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက သေဆုံးသူ များပြားနိုင်တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၁) သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ စစ်အုပ်စုရဲ့ တပ်မ ၃၃ ဟာ အရပ်ဘက်သုံး ၁၂ ဘီးကားတစ်စီးနဲ့ အရပ်သားဟန်ဆောင်ကာ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကို မောင်းနှင်လာခဲ့တာပါ။
ကြိုတင်သတင်းရရှိတာကြောင့် ညနေ ၅ နာရီခန့်မှာ စစ်ကိုင်း-မုံရွာလမ်းမပေါ် မြင်းမူမြိုနယ် ဝမ်းပြည့်ကျေးရွာအနောက်ဘက် အလ္လကပ္ပကြားမှာ စစ်ကိုင်းခရိုင်တပ်ရင်း (၁) နဲ့ ဇာမဏီ (မြင်းမူ) တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက သေဆုံးဒဏ်ရာရရှိသူတွေ ရှိနိုင်ပေမဲ့ သီးခြားအတည်ပြုလို့တော့ မရသေးဘူးလို့ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုအချို့ကို လုပ်ဆောင်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။