ပူတာအိုစစ်ရှောင်တွေ အရေးပေါ် အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေ

photo crd- The 74 Media
တိုက်ပွဲကြောင့် မြစ်ကြီးနားမြို့ကို တိမ်းရှောင်လာတဲ့ ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာက စစ်ရှောင်ပြည်သူ ၈၀၀ ကျော်အတွက် အရေးပေါ် အစားအသောက်နဲ့ ဆေးဝါးလိုအပ်နေတယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media က ဖော်ပြပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်ရှောင်ပြည်သူတွေအတွက် နေရာချထားပေးတာ မရှိသေးတာကြောင့် နီးစပ်ရာနေရာတွေမှာ နေထိုင်နေရပြီး အဖွဲ့အစည်းတချို့ လှူဒါန်းမှုတွေရှိပေမယ့် ရေရှည်အတွက် စိုးရိမ်နေကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက ဆိုပါတယ်။
စစ်ရှောင်ပြည်သူ ၈၀၀ ကျော်ထဲ နာတာရှည်ရောဂါ ခံစားသူတွေနဲ့ ကျန်းမာရေးမကောင်းသူ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်တယ်လို့ သူကပြောပါတယ်။
“နာတာရှည် ရောဂါရှိတဲ့သူတွေက ဆေးပုံမှန်သောက်ပေးရတာမျိုးရှိတယ်။ အဲ့လူတွေက ဆေးမဝယ်နိုင်ဘူး။ ရွာမှာဆို အလုပ်လုပ်ရင် ပိုက်ဆံ နည်နည်းတော့ ရတယ်ပေါ့။ အခုဒီမှာတော့ ပိုက်ဆံရှာမယ့် နေရာလည်း မရှိတော့ ဘယ်လိုကုရမလဲ မသိဘူးဆိုပြီး တစ်ချို့က ငိုပြီး လာပြောကြတယ်”လို့ ဆိုပါတယ်။
လုံရှာယာန် စစ်ရှောင်ပြည်သူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင် ၃၀ ကျော်၊ နို့စို့အရွယ်ကလေး ၃၀ ကျော်၊ ကျောင်းနေအရွယ်ကလေး ၃၀၀ ၀န်းကျင်နဲ့ အသက်ခြောက်ဆယ်အထက် လူကြီး ၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့တွင်း တိမ်းရှောင်နေကြတဲ့ လုံရှာယာန်စစ်ရှောင် အိမ်ထောင်စု စုစုပေါင်း ၂၈၀၊ လူဦးရေစုစုပေါင်း ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။