ကံကြီးကုန်းရွာတိုက်ပွဲ အကြမ်းဖက်စစ်သားနဲ့ပျူ ၄၀ လောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ကံကြီးကုန်းရွာစစ်အုပ်စုစခန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ၄၀ လောက်သေဆုံးခဲ့တယ်လို့ MGN 35 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ်လ ၉ ရက်နေ့ ကနဦးထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်သားနဲ့ပျူစောထီး ၁၂ ဦးလောက် သေဆုံးခဲ့တယ်လို့ဆိုပြီး နောက်ထပ်ရရှိတဲ့ သတင်းတွေအရ ၄၀ လောက်သေဆုံးကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ကံကြီးကုန်းရွာစခန်းက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးစုစုပေါင်းအင်အား ၆၀ လောက်ဟာ ပတ်ဝန်းကျင် ကျေးရွာတွေကို ဒုက္ခပေး ဖမ်းဆီးနှိပ်စက်ခြင်း၊ ဒေသခံတွေပိုင်တဲ့ပစ္စည်းတွေကို အဓမ္မယူဆောင်ခြင်းနဲ့ PDF တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြုလုပ်နေတာကြောင့် ဒေသခံတော်လှန်ရေး အင်အားစုတွေ စုစည်းပြီး မတ်လ ၉ ရက်နေ့မနက် ၁ နာရီလောက်မှာ စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲဟာ ၃ နာရီကြာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။