နတ်မြောင်းကျေးရွာအနီး တိုက်ပွဲအတွင်း CDF(KKG)က တပ်ဖွဲ့ဝင်တစ်ဦးကျဆုံ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းကျေးရွာအနီး တိုက်ပွဲအတွင်းမှာ CDF(KKG)က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ PDFကလေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာမှာ အင်အား ၇၀ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မတ်လ ၆ရက်နေ့က စတင်ပြီး သံဖို၊ ခွေကြိမ်၊ ဟဲလုပ်၊ အောင်ချမ်းသာနဲ့ ငဖားကျေးရွာတွေကို ဖြတ်ပြီး နတ်မြောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပါတယ်။
အဲဒီ​နောက် မတ်လ ၈ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDFကလေး၊ CDF(KKG)၊ CNDF၊ RKDFနဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့် ကြာမြင့်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေ ရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်က CDF(KKG) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲအတွင်းမှာ လက်နက်ကြီးတွေနဲ့ နတ်မြောင်းကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ အောင်မြေရာပြည့် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင် ခိုလှုံနေသူ အပြစ်မဲ့ ပြည်သူ ၃ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး ၁ဦး သေဆုံးခဲ့ရပါတယ်။
တိုက်ပွဲအပြီးမှာ စစ်အုပ်စုက ပြည်သူ၁ဦးကို လမ်းပြအဖြစ် ဖမ်းဆီးသွားပြီး​နောက် နတ်မြောင်းကျေးရွာ အုတ်ဖိုအနီးမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ PDFကလေးရဲ့ ထုတ်ပြန်ချက်မှာ ​ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၉ရက်နေ့ မနက်ပိုင်းမှာ နတ်မြောင်းကျေးရွာ အရှေ့ဘက်ကနေ တဆင့် မြောက်ဘက်ကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အင်းစိန်ရွာဟောင်းအနီးမှ ဖြတ်လာချိန် PDFကလေးက လက်နက်ကြီးတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၂နာရီခွဲလောက်မှာ ထိုမာကျေးရွာ အုတ်ဖိုအနီး ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စု ထိခိုက်သေဆုံးသူတွေ ရှိနိုင်ပေမဲ့ PDFကလေးဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိသူတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။