ဆွမ်ပီယာန် ဒေသခံနှစ်ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြိမ်းခြောက်

Source- The 74 Media
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပူတာအိုမြို့ ဆွမ်ပီယာန်ကျေးရွာက အမျိုးသားနှစ်ဦး နေအိမ်ပြန်လာစဉ် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။
“ဘာပဲဖြစ်ဖြစ် စားစရာမရှိတော့ ဆန်တွေ သွားယူတာ။ အဲ့အချိန်ဖမ်းပြီး တစ်ညလုံး သူတို့နှစ်ယောက်ကို မေးတယ် ကြိုးချည်ပြီးတော့ အရက်တွေတိုက်တယ် ရွာကိုပြန်မလာကြနဲ့ နောက်တစ်ခါ ပြန်လာရင်သတ်ပစ်မယ်၊ တစ်ရွာလုံး မီးရှို့လိုက်မယ်လို့ ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကချင်အမျိုးသား ဆွမ်ပီယာန်ကျေးရွာက စစ်ရှောင်ပြည်သူနှစ်ဦးကို ဒီနေ့ မနက်ကိုးနာရီခန့်က ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆွမ်ပီယာန်ကျေးရွာမှ စစ်ရှောင်ပြည်သူများကို မတ်လ ၅ ရက်နေ့ကလည်း ကျေးရွာကို ပြန်လာရင် ပစ်သတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
လက်ရှိတွင် တိုက်ပွဲတွေကြောင့် ဆွမ်ပီယာန်ကျေးရွာနဲ့ အင်စီးယာန်ကျေးရွာက စစ်ရှောင်ပြည်သူ စုစုပေါင်း ၅၀၀ ကျော်လောက် လက်ရှိချိန်ထိကို စစ်ဘေးရှောင်နေရတယ်လို့ဆိုပါတယ်။