မိုးဗြဲမှာ စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦး သေဆုံးလျက်ပြန်တွေ့

ဓာတ်ပုံ-မိုးဗြဲPDF
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ် ပွဲကုန်း ၁ရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ လူငယ်နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ခဲ့တယ်လို့ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မတ်လ ၆ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက ပွဲကုန်း၁ရပ်ကွက်အတွင်း ဝင်ရောက်စီးနင်းစဉ်မှာ လူသားဒိုင်းအဖြစ် အသက်၁၀နှစ်အရွယ် မောင်လားစရုနဲ့ အသက် ၁၇နှစ်အရွယ် မောင်ဩဂတ်စတင်းတို့ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ဝါရီဆူးပလိုင်ကျေးရွာအနီးမှာ သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေကို အကြောင်းမဲ့သတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ ပြင်းထန်စွာ ပြန်လည်ခုခံတော်လှန်သွားမယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့နယ်အတွင်း စစ်ကြောင်းထိုးတိုက်ခိုက်ပြီးနောက် ကရင်နီပြည်အတွင်းကိုလည်း သာလွန် လက်နက်အင်အားတွေနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေကိုပါ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။