နောင်ကြီးအိုင် ရဲစခန်းကို တာဝေးပစ် လက်နက်ကြီး ၃ လုံးနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းကို တာဝေးပစ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ (၇) ရက်နေ့က အကြမ်းဖက်စစ်တပ် စခန်းချတပ်စွဲထားတဲ့ အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ကျေးရွာရှိ နောင်ကြီးအိုင် ရဲစခန်းထဲကို မြောက်ပိုင်းညီနောင်များမဟာမိတ်တော်လှန်ရေး အင်အားစု-အရာတော်မြို့နယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
‘စစ်ခွေးတွေက ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို အပြုတ်နှံဖို့ အင်အားကုန်သုံးပြီး ပြည်သူကို ဒုက္ခပေးတဲ့နည်းနဲ့ မြေလှန်နေတယ်။ ကျွန်တော်တို့ ယင်းမာပင်မှာဆိုရင် အခုတော်တော်ဆိုးဆိုးရွားရွား ရွာမီးရှို့တာတွေလုပ်နေပေမဲ့ အခုအရာတော်မှာ လက်နက်ကြီးနဲ့ ပစ်တာတွေ ၊ပုလဲမြို့ပေါ်မှာ မိုင်းခွဲတာတွေက စစ်ကိုင်းတိုင်းကို ဖြိုလို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ’ လို့ ယင်းမာပင်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မတ်လ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် နောင်ကြီးအိုင်ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ပေမဲ့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်ကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၅ ရက်နေ့ ည ၉ နာရီ မိနစ် ၂၀ လောက်မှာ ပုလဲမြို့ပေါ် အိမ်စီးကားတစ်စီး၊ ဆိုင်ကယ် ၂ စီးနဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေခဲ့ပါတယ်။