အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေ ခိုအောင်းနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းဆောင်တစ်ဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ၈ရက်နေ့မနက် ၂ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဆောင်ဒူလာရွာဟာ ကျေးရွာသားတွေနဲ့ စစ်ရှောင်ပြည်သူတွေ ခိုအောင်းနေတဲ့ ရွာဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာဆီ သွားရောက်ကြည့်ရှုတဲ့ပြည်သူနဲ့ မီဒီယာအဖွဲ့ကို စစ်အုပ်စု အမြောက်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ KNDF B09 ကထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာမှာ မကွဲသေးတဲ့ ဗုံးတစ်လုံးကျန်ရှိနေသေးတဲ့အတွက် သွားရောက်ခြင်း မပြုလုပ်ကြဖို့လည်း သတိပေးထားပါတယ်။