အီရန်နျူအရေး ဆွေးနွေးပွဲတွေ  ထပ်မံရပ်ဆိုင်းဖွယ်ရှိ

Photo – AFP

အီရန်ရဲ့ နျူအရေးနဲပတ်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ပြီးဆုံးလုနီးပါးဖြစ်နေချိန်မှာ မတ်လ ၇ ရက်နေ့က ဆွေးနွေးပွဲတက်ရောက်သူ ထိပ်ပိုင်းသံတမန်တွေ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်သွားကြပြီး အီရန်ဘက်က ဖိအားတွေ များလာတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံပိုင် သတင်းဌာနကတော့ ဆွေးနွေးပွဲရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် မူဘောင်တွေအတွင်းမှာသာ ရှိတယ်လို့ ဆိုပေမယ့် ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဥရောပသမဂ္ဂ ထိပ်တန်းညှိနှိုင်းရေးအရာရှိ အန်နရစ်မိုရာကတော့ ဆွေးနွေးပွဲအောင်မြင်တာ၊ မအောင်မြင်တာဟာ အီရန်ပေါ်မှာသာ မူတည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့က ညှိနှိုင်းရေးအဖွဲ့တွေကလည်း အလားတူထင်မြင်ချက်ရှိနေပါတယ်။ သမ္မတထရမ့်လက်ထက် ၂၀၁၈ ခုနှစ်က ဆွေးနွေးပွဲက ထွက်ခွာသွားပြီး အီရန်ပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြန်လည်ပါဝင်ရေးအတွက် စောင့်ဆိုင်းနေရတဲ့အတွက် နှောင့်နှေးမှုကို အီရန်က အပြစ်ဖို့ချင်ပုံရပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်မှုကြောင့် ရုရှားနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံနေရချိန်မှာ အီရန်နဲ့ရုရှား ဆက်လက် ကုန်သွယ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဗလင်ကန်ရဲ့ အာမခံရေးသားထုတ်ပြန်ချက်ရရှိဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗရော့ဗ်က တောင်းဆိုခဲ့တဲ့အတွက် အခုလို အဆင်မပြေမှု ပေါ်‌ပေါက်ခဲ့ရတာပါ။

မတ်လ ၇ ရက်နေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရာဗဒိုလာဟီယန်က ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်နဲ့ ဒဏ်ခတ်ပိတ်ဆို့ရေး ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့က စစ်ပွဲကိုရော ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရော ဆန့်ကျင်ပါတဘ်။ အီရန်နဲ့ ရုရှားအပါအဝင် ဘယ်နိုင်ငံနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဘယ်လိုဒဏ်ခတ်ပိတ်ဆို့မှုကြောင့်မှ သက်ရောက်မှုမရှိစေရဘူးဆိုတာ ရှင်းပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နျူသဘောတူညီချက်မှာ အီရန်နိုင်ငံက ထုတ်လုပ်ထားတဲ့ နျူထိပ်ဖူးတွေကို အပြည်ပြည်ဆိုင်ရာ အနုမြုစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ စောင့်ရှောက်မှုအောက်မှာ ထိန်းသိမ်းထားဖို့နဲ့ ၃.၆၇ ရာခိုင်နှုန်းထက် သန့်စင်မှုမပိုတဲ့ ယူရေနီယမ် ကီလိုဂရမ် ၃၀၀ ကိုသာ အီရန်ဘက်က ထိန်းသိမ်းထားဖို့ ပါဝင်ပါတယ်။ 

ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ IAEA ရဲ့ ထုတ်ပြန်ချက်အရ ယူရေနီယမ် ၃၂၀၀ ကီလိုဂရမ်နီးပါး အီရန်နိုင်ငံက ပိုင်ဆိုင်ထားပြီး ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ်တွေလည်း ရှိနေပါတယ်။ ယူရေနီယမ်ရဲ့ သန့်စင်မှု ၉၀ ရာခိုင်နှုန်းရောက်သွားရင် နျူကလီယာ စစ်လက်နက်တွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။