ကန်ပက်လက်တိုက်ပွဲအတွင်း စစ်အုပ်စုက ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ဦးသေ

မကွေးတိုင်းနယ်စပ်ကနေ ကန်ပက်လက်မြို့ကို စစ်ကြောင်း ၃ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို CDF- Kanpetletနဲ့ ပူးပေါင်းအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ဗိုလ်ကြီး ၁ဦးအပါအဝင် ၆ဦးသေဆုံးသွားခဲ့တယ်လို့ CDF- Kanpetletက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၇ရက်နေ့ မနက် ၇နာရီခန့်မှာ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ဆောက်လုပ်ဆဲလေယာဉ်ကွင်းအနီးမှာ ကြားဖြတ်တိုက်ခဲ့ပြီး ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ကန်ပက်လက်မြို့မှာ အထိုင် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
မနက် ၉နာရီခန့်မှာ ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဗိုလ်ကြီး၁ဦးအပါအဝင် ၆ဦးသေဆုံးခဲ့ကာ CDF- Kanpetletနဲ့ ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်အုပ်စုဟာ ညနေ ၆နာရီခန့်မှာ လေယာဉ်ကွင်းကနေ ကန်ပက်လက်မြို့ထဲကို ဝင်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။