ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ၆ကွေမှတ်တိုင်နဲ့ ဧရာမှတ်တိုင်ကြားမှာရှိ BKK T-Shirt ဆိုင်မှာ ဒီကနေ့ နေ့လည်ပိုင်းက ဓားပြတိုက်ခံခဲ့ရတယ်လို့ BKK T-Shirtဆိုင်ပိုင်ရှင်က သူ့ဆိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီကနေ့ မတ်လ ၇ရက်နေ့ နေ့လည်ပိုင်းမှာ အမည်မသိအဖွဲ့က ဆိုင်ထဲဝင်လာပြီး ဆိုင်ရှိ အမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုတ် ပါးစပ်ကို အဝတ်နဲ့စီး ၊ လည်ပင်းကို ဓားနဲ့ထောက်ပြီး တစ်ဆိုင်လုံးမီးပိတ်ကာ ဆိုင်မှာ စျေးရောင်းချထားတဲ့ ငွေကြေးတွေနဲ့ ဖုန်းကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ဘဏ်ဓားပြတိုက်မှုတွေ အပါအဝင် ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးထက် စစ်အုပ်စုရဲ့ လက်ကိုင်တုတ်အဖြစ်သာ လုပ်ဆောင်နေခဲ့ပါတယ်။