မန္တလေးမှာ စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦး အပစ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော် အရှေ့ရပ်ကွက် အကွက် ၄၁၃ အကွက်မှူး ဦးတင်မျိုးလွင်ကို အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် ၈ နာရီခန့်မှာ စစ်အုပ်စုခန့် ဆယ်အိမ်မှူး ဦးတင်မျိုးလွင်ဟာ ရပ်ကွက်ထဲ ဆိုင်ကယ်မောင်းနှင်လာချိန် စိန်ပန်း ၄၁ လမ်းအနီးမှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တာပါ။
“ဆိုင်ကယ်ပေါ်ကနေ လှမ်းပစ်သွားတာ သူလဲ ဆိုင်ကယ်မောင်းရင်းနဲ့ကို အပစ်ခံလိုက်ရတာ၊ အဲ့နေရာမှာပဲ ပွဲချင်းပြီးပဲ၊ ဆယ်အိမ်မှူးဆိုပြီး သံလျက်မှော်ကို စကစက ပိတ်ရှာတာမှာလဲ သူပါတယ်၊ အဲ့ဒါမို့လို့ အခုလို ရှင်းခံရတာနေမယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။