ချင်းပြည်နယ် ဘုံတလာခန်းမဆောင်အနီးမှာ ဗုံးလို့ယူဆရတဲ့ အထုတ်မဲတစ်ထုတ်ကို တွေ့ရှိပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ ဘုံတလာခန်းမဆောင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်ဆိုတဲ့ အစီအစဉ်ကြောင့် ပြည်သူအချို့ ရောက်ရှိနေချိန်မှာ ဘုံတလာခန်းမဆောင်အနီး လွတ်လပ်ရေးကျောက်တိုင်နားမှာ ဗုံးလို့ယူဆရတဲ့ အထုတ်တစ်ထုတ် တွေ့ရှိရတာပဲဖြစ်ပါတယ်။
“ဘယ်သူကစတွေ့တယ်တော့ မသိဘူး ဗုံးတွေ့တယ်ဆိုတော့ အကုန်လုံး ဆေးမထိုးတော့ဘဲ ပြန်ပြေးကြတာ၊ အခုတော့ ပိတ်ပြီးတော့ စစ်ဆေးနေကြတယ်၊ အရင်ကလဲ အဲ့လိုပဲ တွေ့ဖူးတယ် အဲ့တုန်းက ဗုံးမဟုတ်ဘူး အိတ်အမဲဆိုတာနဲ့ ဗုံးလို့ထင်ကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယခုအကြိမ်တွေ့ရှိတဲ့ အထုတ်မဲဟာလည်း ဗုံးဟုတ်မဟုတ်ကို စစ်အုပ်စုက သီးခြားအတည်ပြု သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။