သေနတ်အားကိုးနဲ့ ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်အရာရှိတွေအနေနဲ့ သိပ်မကြာတော့မယ့်အချိန်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပြန်ခံရမယ်ဆိုတာ သိရှိထားကြဖို့လိုပြီလို့ အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ အခြားဒေသတချို့မှာပါ ကျေးလက်နေ ပြည်သူတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို လုယက်ဖျက်ဆီးနေခြင်းကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြုမူနေပြီး ဘက်ပေါင်းစုံ စောင့်ကြည့်မှုအားကောင်းတဲ့ ဒီနေ့ခေတ်မှာ သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေရဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်ရတာ မခက်ခဲဘူးလို့ သူကပြောပါတယ်။
‘ရွာတစ်ရွာကို ဝင်လုတယ်၊မီးရှို့တယ်ဆိုတဲ့ကိစ္စဆိုတာ ဘယ်နေ့ဘယ်အချိန်မှာ ကျူးလွန်ခဲ့တယ်ဆိုတဲ့အချက် အလက်ရှိရင် ဘယ်သူကကျူးလွန်ခဲ့သလဲဆိုတာ အချိန်တစ်ရက်လောက်ယူလိုက်ရင် ဒီခေတ်မှာ အဖြေပေါ် တယ်။ ကျူးလွန်တဲ့ စစ်သားအကုန်လုံးကို မသိဘူးဆိုရင်တောင် ဘယ်အရာရှိကဦးဆောင်ပြီး ရွာမီးရှို့သလဲဆိုတာ သိတယ်။ ခက်တာက တချို့အရာရှိတွေက တောရွာတွေမှာ သူတို့ဘာလုပ်လုပ် ဘယ်သူမှ မသိဘူးလို့ထင် နေကြတယ်’ လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း ခိုင်လုံမှုမရှိတဲ့အချက်တွေနဲ့ PDF ကျေးရွာလို့ ခေါင်းစဉ်တပ်ကာ သတ်ဖြတ်လုယက် ဖျက်ဆီးနေကြောင်း PDFနဲ့ဆက်စပ်နေတဲ့ရွာဖြစ်ပါကလည်း သတ်ဖြတ်လုယက် မီးရှို့ ခွင့်မရှိကြောင်း အငြိမ်းစား တပ်အရာရှိကြီးက ပြောပါတယ်။
‘ကျေးလက်ပြည်သူတွေကို ကုန်းကောက်စရာမကျန်အောင် မြေလှန်စနစ်နဲ့လုပ်နေတာ အင်မတန်အောက်တန်းကျတဲ့အပြုအမူပါ။ တချို့ စစ်တပ်အရာရှိတွေက ဒီနေ့ခေတ် ဉာဏ်ရည်မရှိတော့ သူတို့လုပ်တာဘယ်သူမှ မဖော်ထုတ်နိုင်ဘူးထင်နေတယ်’ လို့ သူကပြောပါတယ်။
လက်ရှိအကြမ်းဖက်စစ်တပ်အတွင်း တချို့ဟာ မင်းအောင်လှိုင် အာဏာမပြုတ်ဘူးလို့ ယုံကြည်ပြီး တချို့ ကတော့ စစ်အာဏာရှင်စနစ်ကို ယုံကြည်ကြတာကြောင့် ပြည်သူကို ရန်သူလို ဆက်ဆံနေတာလို့ သိရပါတယ်။