ဆောဒေသတွင်း ဆန်စပါး မြို့နယ်ပြင်ပ ထုတ်မရောင်းဖို့ ပြောကြား

ဒေသတွင်း ရိက္ခာဖူလုံရေး‌ ပြဿနာရှိနေရတာကြောင့် ဆောမြို့နယ်အတွင်းရှိ ဆန်စပါးတွေကို မြို့နယ်ပြင်ပ ထုတ်မရောင်းဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ ဆောမြို့နယ်အတွင်း ကျေးရွာတချို့က ဆန်စပါးတွေကို မကြာခဏ ဖျက်ဆီးနေတာကြောင့် မြို့နယ်အတွင်း နှစ်ပတ်လည် ရိက္ခာဖူလုံရေးကိစ္စဟာ စိုးရိမ်ရကြောင်း မကွေးတိုင်း၊ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် အရေးပေါ် ငွေလိုအပ်တာကြောင့် မဖြစ်မနေ ဆန်စပါး ထုတ်ရောင်းရမယ့်သူတွေအနေနဲ့ ကျေးရွာ၊ တိုက်နယ်၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားပေးဖို့နဲ့ အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း အမှန်တကယ် လိုအပ်တဲ့နေရာတွေဆီ ရောင်းချဖို့ စီစဉ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
‘စစ်ခွေးတွေက ရွာထဲဝင်ရင် တမင်ကို ပြည်သူ့ရိက္ခာတွေကို ဖျက်ဆီးခဲ့တာ။ ပြီးတော့ တိုက်ပွဲတွေကြောင့် စပါးမရိတ်နိုင်တာတွေလည်း ရှိတယ်။ စစ်ခွေးတွေ ဝင်လာလို့ ထွက်ပြေးရတာလည်းရှိတော့ ဆန်စပါးပြဿနာ တော်တော်ရှိနေတယ်’ လို့ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးကြောင့် အရေးပေါ်လိုအပ်နေတဲ့ မြို့နယ်ပြင်ပဒေသတွေဆီကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ရောင်းချခွင့်ပြုမှာဖြစ်ပြီး မြို့နယ်ပြင်ပက ဆန်စပါးတွေကို မြို့နယ်ထဲ တင်သွင်းရောင်းချခွင့်ပြုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။