ဒေါ်လာသိန်းသန်းချီ ငွေတိုက်စာချုပ် ဝယ်ယူသူတွေရှိ

NUG အစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို ဒေါ်လာသိန်းသန်းချီ ဝယ်ယူသူတွေရှိတယ်လို့ သိရပါတယ်။စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မတ်လ ၃ ရက်နေ့အထိ ထုတ်ဝေရောင်းချခဲ့ပြီးဖြစ်တဲ့ ငွေတိုက်စာချုပ်တွေကို ယမန်နေ့က ထုတ်ပြန်ရာမှာ အဲဒီလို ထည့်သွင်းဖော်ပြခဲ့တာပါ။
မတ်လ ၃ ရက်နေ့အထိ ထုတ်ဝေရောင်းချခဲ့ပြီးတဲ့ ငွေတိုက်စာချုပ်စုစုပေါင်း ၆၁၀၇၄ စောင်ရှိပြီလို့ သိရပါတယ်။ဒေါ်လာ၁၀၀ တန် ငွေတိုက်စာချုပ်တွေကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီး ဝယ်တဲ့သူတွေလည်း ပါတယ်လို့လည်းဆိုပါတယ်။
‘ကိန်းဂဏန်းအတိအကျ မပြောနိုင်ပေမဲ့ ကျွန်တော်တို့ စင်ကာပူရောက် မြန်မာတွေ တော်တော်ဝယ်ကြတယ်လို့ သိရတယ်။ နွေဦးတော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် မပါဝင်နိုင်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ တတ်နိုင်တဲ့ အပိုင်းကနေ ပါဝင်ကြတဲ့သဘောပါ’ လို့ စင်ကာပူနိုင်ငံရောက် အအေးခန်းအင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။
ဝယ်ယူပံ့ပိုးထားတဲ့ ငွေကြေးတွေကို လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် အသုံးပြုနေတယ်လို့ ဝန်ကြီးဌာနကဆိုသလို တတ်စွမ်းသလောက် ငွေတိုက်စာချုပ်ဝယ်ယူပြီး အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာကို ကာကွယ်ပံ့ပိုးပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။