ကျောက်တန်း လျှပ်စစ်ရုံးရှေ့က ရဲကင်းမှာ ဗုံးကွဲ၊ တစ်ဦးပွဲချင်းပြီးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ လျှပ်စစ်ရုံးရှေ့က ရဲကင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ချေဂွေဗားရားပြောက်ကျားတပ်ဖွဲ့-ကျောက်တန်း (CRF) နဲ့ Thongwa Youth Force (TYF) ရဲဘော်တို့ ပူးပေါင်းပြီး ကျောက်တန်းလျှပ်စစ်ရုံးရှေ့ အထိုင်ချထားတဲ့ဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CRF နဲ့ TYF တို့ ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ အဝေးထိန်းကွန်ထရိုးနဲ့ တိုက်ခဲ့တာ’ လို့ TYF တာဝန်ရှိသူက ပြောပါတယ်။
အခင်းဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ လျှပ်စစ်ရုံးအဝင်လမ်းကို ပိတ်ထားပြီး သေဆုံးသတင်းကို ဖုံးကွယ်ဖို့ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
‘စခ တွေက ကျောက်တန်းမြို့ အေးဆေးပဲဆိုပြီး နှပ်နေတဲ့အချိန်မှာ ဗုံးခွဲသွားတာ။ တစ်ယောက်ပွဲချင်းပြီးလို့ ပြောကြတယ်။ ဒီလိုနှပ်နေရင် ဒါမျိုးဖြစ်တတ်တယ်လို့ PDF တွေက သင်ခန်းစာပေးသွားတာ’ လို့ ကျောက်တန်း ရေလယ်ဘုရားနားမှာနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
CRF အနေနဲ့ စစ်သတင်းပေးတွေကို သတိပေးနေတော့မှာမဟုတ်ဘဲ ပြတ်ပြတ်သားသား ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။