ပြည်သူလိုလားတဲ့ တရားဝင်အစိုးရနဲ့သာ ဆွေးနွေးမယ်လို့ AA ပြော

ရက္ခိုင့်တပ်တော် AA အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတာ မရှိသလို နိုင်ငံရေးဆွေးနွေးဖို့လည်း မရှိဘဲ ပြည်သူလိုလားတဲ့ တရားဝင်အစိုးရနဲ့သာ ဆွေးနွေးမယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA အနေနဲ့ ပထမဆုံးလုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Western News ရဲ့ မေးမြန်းမှုတွေအပေါ် ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။
“နိုင်ငံရေးဆွေးနွေးတာက ကိုယ်လိုချင်တဲ့အခင်းအကျင်းမဟုတ်ရင်အဆင်မပြေဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲတာပေါ့။ နိုင်ငံရေးအပေးအယူကိုဆွေးနွေးတာက တရားဝင်အစိုးရနဲ့ဆွေးနွေးမှပဲအဆင်ပြေမယ်။ ကျနော်တို့သတ်မှတ်တဲ့ တရားဝင်အစိုးရဆိုတာက ပြည်သူတွေကလိုလားပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့သူကိုသာသတ်မှတ်တယ်။ ဒီတော့ ကျနော်တို့အနေနဲ့ လက်ရှိအာဏာသိမ်းအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့မရှိပါဘူး”လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။
လက်ရှိမှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုအကြား တရားဝင်အပစ်ခတ်ရပ်စဲထားတာ မရှိသလို ဘာစာချုပ်မှလည်း ချုပ်ဆိုထားတာ မရှိဘူးလို့ သိရပါတယ်။
ရခိုင်ဒေသမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား ၂၀၁၈ခုနှစ်မှ စတင်ကာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်းမှာ နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ကြတာပါ။