တရုတ် ကာကွယ်ရေးဘတ်ဂျတ် ၇ ရာခိုင်နှုန်းကျော် တိုးမြင့်ပြီး ဒေါ်လာ ၂၂၉ ဘီလီယံ လျာထား

Photo – AP

အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်တပ်တွေ ဩဇာလွှမ်းမိုးလာတာကို စိန်ခေါ်တဲ့အနေနဲ့ တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ပမာဏအမြောက်အမြား ဆက်လက်တိုးမြှင့်ဖို့ရှိကြောင်း မတ်လ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ကာကွယ်ရေးဘတ်ဂျတ်သုံးစွဲတဲ့ တရုတ်နိုင်ငံမှာ အမြဲတမ်းစစ်တပ်ဖွဲ့စည်းထားပြီး တပ်အင်အား သုံးသန်းရှိတဲ့အပြင် ခေတ်မီလက်နက်တွေနဲ့ လေယာဉ်တင်သင်္ဘောတွေ၊ အဆင့်မြင့် ဒုံးလက်နက်တွေ၊ နျူကလီယာစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေးသွားပြီး အစိုးရကြွေးတွေတင်နေတဲ့ တရုတ်နိုင်ငံဟာ စစ်တပ်တွေကို ချဲ့ထွင်ပြီး ခေတ်မီလက်နက်တပ်ဆင်ရေးကို အရှိန်ဆက်မြှင့်တင်နေတာပါ။ တရုတ်စစ်တပ်ဟာ နိုင်ငံရေးအခန်းကဏ္ဍမှာလည်း အရှိန်အဝါကြီးမားပြီး ကွန်မြူနစ်ပါတီခေါင်းဆောင်လည်းဖြစ် သမ္မတလည်းဖြစ်တဲ့ ရှီကျင့်ဖျင်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိနေတဲ့ ထိုင်ဝမ်ကို ဆက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး မတ်လ ၅ ရက်နေ့ တရုတ်ပြည်သူ့ကွန်ဂရက် (လွှတ်တော်ညီလာခံ)မှာ ဝန်ကြီးချုပ် လီခကျင်းက “ထိုင်ဝမ်နဲ့ပတ်သက်လို့ တရုတ်ရဲ့ရပ်တည်ချက် မပြောင်းလဲဘူး”လို့ ဆိုပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နောက် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်မယ့်စိုးရိမ်မှုတွေ ရှိနေကြပါတယ်။