
ယူကရိန်းသမ္မတ ဇယ်လန်းစကီးဟာ လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ်ကြုံရပေမယ့် ရုရှားလုံခြုံရေးဌာနထဲက စစ်ဆန့်ကျင်ရေး အရာရှိတွေရဲ့ သတင်းပေးပို့မှုကြောင့် အသက်အန္တရာယ်မရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ရုရှားကထောက်ပံ့နေတဲ့ ဝက်ဂနာအုပ်စုနဲ့ ချေချင် အထူးတပ်ဖွဲ့တွေဟာ ယူကရိန်သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ တာဝန်ပေးခံရပေမယ့် သူတို့အစီအစဉ်တွေ မအောင်မြင်ဖြစ်ခဲ့ရကြောင်း The Times မှာ သတင်းဖော်ပြထားပါတယ်။
ဝက်ဂနာအုပ်စုရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ မတ်လ ၂ ရက်နေ့က အစီအစဉ်ဟာ ရုရှားလုံခြုံရေးဌာနက စစ်ပွဲမလိုလားတဲ့ သတင်းပေး အရာရှိတစ်ဦးကြောင့် သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ကာဒီရိုဗိုက်လို့ခေါ်တဲ့ ချေချင်အထူးတပ်ဖွဲ့ တစ်ခုကလည်း ယူကရိန်းသမ္မတကို လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့် အဲဒီနေ့ညမှာ သူတို့ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အကြီးအကဲဖြစ်တဲ့ အိုလက်စီ ဒန်နီလော့ဗ်က ပြောခဲ့ပါတယ်။
“ကျွန်တော်တို့သမ္မတကို လုပ်ကြံဖို့ ကာဒီရိုဗိုက်တွေရဲ့ အထူးစစ်ဆင်ရေးကို ကျွန်တော်တို့ သတိထားမိသွားတာပါ၊ ဒီသတင်းကို ရုရှားလုံခြုံရေးဌာနက စစ်ပွဲကို မလိုလားသူတွေကြောင့် သိရတာပါ” လို့ သူက ဖြေပါတယ်။ ဗြိတိန် တိုင်းမ်သတင်းစာက ရရှိတဲ့သတင်းအရ ဝက်ဂနာအုပ်စုဟာ ယူကရိန်းနိုင်ငံမြို့တော်မှာ အဖွဲ့ဝင် ၄၀၀ လောက်ဖြန့်ကျက်နေပြီး ရုရှားသမ္မတပူတင်ရဲ့ အမိန့်ပေးခိုင်းစေမှုတွေအတိုင်း လုပ်ဆောင်နေတာဖြစ်ပြီး ယူကရိန်း ခေါင်းဆောင်ပိုင်း ၂၄ ဦးကို သတ်ဖြတ်ဖို့ စာရင်းပြုစုထားကြောင်း သိရပါတယ်။
ကိုယ်ပိုင်တပ်ဖွဲ့ ကန်ထရိုက်လုပ်ဆောင်သူဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ ရှောင်မက်ဖိတ်ကတော့ ဝက်ဂနာအုပ်စုဟာ ပူတင်ရဲ့ အစီအစဉ်အတိုင်း ယူကရိန်းမှာ ကသောင်းကနင်းနဲ့ အကြောက်တရားတွေ ဖြစ်လာအောင်၊ လူ့အခွင့်အရေးတွေ ပျက်သုဉ်းသွားအောင် ရှိသမျှနည်းနဲ့လုပ်ဖို့ စေလွှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။