မတ္တရာမြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စုမိုင်းထိပြီး ၁၂ဦးသေ

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ဆိုင်ကယ်တွေနဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၁၂ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ ဆိုင်ကယ် ၁၂စီးနဲ့ ကျောက်ဆည်လေးကျေးရွာကနေ ကင်းကျေးရွာဘက်ကို ဦးတည်လာတဲ့ စစ်အုပ်စုကို ညောင်ငုတ်တိုနေရာမှာ မတ္တရာမြို့နယ် ပကဖနဲ့ မန္တလေးPDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေကို နာရေးကားတစ်စီး အိမ်စီးကားတစ်စီးနဲ့ လာရောက်သယ်ယူသွားတယ်လို့ သိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။