ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဝရမ်း လာကပ်သွားခဲ့တယ်လို့ ရန်ကုန်နိုင်ငံရေး အသိုင်းအဝန်းက ပြောပါတယ်။
ဒီကနေ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ အင်အားအများအပြားနဲ့ ဖမ်းဝရမ်းလာကပ်ခဲ့တာဖြစ်ပြီး ဒေါ်ဖြူဖြူသင်းကို စစ်အုပ်စုက မတရားစွပ်စွဲထားတဲ့ အမှုတွေအတွက် မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးကို လာရောက်ဖြေရှင်း ဖမ်းဝရမ်းကပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အမှုတွေကို လာဖြေရှင်း မဖြေရှင်းရင် အိမ်ကိုချိတ်ပတ်မယ်ဆိုတာမျိုး လုပ်သွားတာပါ၊ ခြိမ်းခြောက်တဲ့သဘောပေါ့၊ အဲ့အိမ်မှာက ဆရာမရဲ့ အမေပဲရှိတယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ CRPH အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် HIV ဝေဒနာရှင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ NAC AIDS Center ကို စတင်တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။