ဒီးမော့ဆိုမြို့ကိုဦးတည်ပြီး စစ်အုပ်စုက အင်အားအများပြားနဲ့ စစ်ကြောင်းထိုး

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့ကို ဦးတည်ပြီး အကြမ်းဖက်စစ်အုပ်စုက အင်အား ၅၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ လွိုင်ကော်PDFက ဒီကနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၁၅ရက်နေ့မှ စတင်ကာ မိုးဗြဲဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ မတ်လ ၄ရက်နေ့အထိ တိုက်ပွဲတွေ နေ့စဉ်ကို ပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။
စစ်မျက်နှာစာလည်း ကျယ်ပြန့်လာခဲ့ပြီး မိုးဗြဲ၊ နန့်မယ်ခုံကနေ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာနားအထိကို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ လွိုင်ကော်PDFက ဆိုပါတယ်။
၁၇ရက်တာအတွင်း ၂၄နာရီနီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လွိုင်ကော်PDF၊ KA၊ KNDF၊ ဒီးမော့ဆိုPDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေအပြင် အခြားမဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းကာ အလှည့်ကျ တိုက်ပွဲဝင် ခုခံနေခဲ့ရပါတယ်။
စစ်အုပ်စု ဒီးမော့ဆိုမြို့ကို ဦးတည်ကာ တင့်ကာ၊ တာဝေးပစ်ဒုံးကား၊ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကို အသုံးပြုပြီး ခြေလျှင်အင်အား ၅၀၀ဝန်းကျင်နဲ့ ပင်မစစ်ကြောင်း ၃ကြောင်းကို အရံစစ်ကြောင်းတွေများစွာနဲ့ ဝန်းရံက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့ပြီး လေကြောင်းပစ်ကူတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ခြေလျှင်တပ်တွေကလည်း ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး လုယက်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။