ဒီပဲယင်းမြို့ပေါ်ကပြည်သူတွေကို ၂ရက်ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က ပြည်သူတွေကို ၂ရက်ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
မတ်လ၁ရက်နေ့ညပိုင်းက ဒီပဲယင်းမြို့ရဲစခန်းကို ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား၇ဦးသေဆုံးပြီးနောက် ဆက်တိုက်ဆိုသလို နေ့ခင်းပိုင်းတွေမှာ မြို့ပေါ်ရပ်ကွက်တွေ ထဲ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပါတယ်။
‘ရဲစခန်းလက်နက်ကြီးနဲ့အထုခံရတာ ရပ်ကွက်တွေနဲ့ဆိုင်တယ်၊ဘယ်သူတွေလုပ်တာလဲဆိုပြီး ရပ်ကွက်ထဲက သူ တို့မသင်္ကာတဲ့လူတွေကိုခေါ်စစ်တာ’လို့ ဒီပဲယင်းမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
မတ်လ၂ရက်နေ့ကစတင်ကာ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး နောက်တစ်ခါရဲစခန်းထပ်အပစ်ခံရပါက ရဲစခန်းဝန်းကျင် ရပ်ကွက်တွေကို ချေမှုန်းမယ်လို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်နေကြောင်းသူကဆိုပါ တယ်။
‘အခုကျွန်တော်တို့သိရသလောက် အဖမ်းခံရတာ ၁၅ယောက်လောက်ရှိမယ်။ ပြန်လွှတ်ပေးတယ်လို့ ကြားတယ်’လို့သူကပြောပါတယ်။
ဒီနေ့နေ့ခင်းပိုင်းကလည်း ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ်ဘက်မှာ အကြမ်းဖက်စစ်သား ၁၅ဦးလောက် အထိုင်ချကာ ရပ်ကွက်နေပြည်သူတချို့ကိုဖမ်းဆီးတာတွေနဲ့ ဖုန်းသိမ်းတာတွေပြုလုပ်နေတယ်လို့ ဒီပဲယင်းမြို့ နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘ဒီနေ့တော့ အိမ်တွေကိုစစ်ရင်းဖုန်းတွေသိမ်းတယ်။ဖုန်းထဲမှာ သူတို့မသင်္ကာတာတွေ့ရင် ဖမ်းတယ်’လို့ သူကပြောပါတယ်။
ဒီပဲယင်းမြို့၊တောင်ပြင်ရပ်ကွက်နေပြည်သူတစ်ဦးက ဖုန်းသိမ်းဆည်းခြင်းမှာ အကြမ်းဖက်စစ်သားတွေ ပြန် ရောင်းစားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
‘မနေ့ကအဖမ်းခံရတဲ့တစ်ယောက် အသတ်ခံရတယ်။ဒီနေ့မှာ မြို့ပေါ်ရပ်ကွက်တွေက ထပ်အဖမ်းခံရတာရှိ တယ်။ဖမ်းတာက တကယ်မသင်္ကာလို့ဖမ်းတာရှိသလို ပြန်ပေးဆွဲသလို ငွေပေးမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ငွေလိုချင်လို့ဖမ်းတာလည်းရှိတယ်။ဖုန်းသိမ်းတာကတော့ တောင်ကြည့်မြောက်ကြည့်နည်းနည်းစစ်ပြီးရင် ပြန်ရောင်းစားဖို့ပါ’လို့ သူကပြောပါတယ်။
ဒီပဲယင်းမြို့ရဲစခန်း ကိုဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ကောင်းကင် ၊စွယ်တော် နဲ့ ဇာမဏီ မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းကာမတ်လ၁ရက်နေ့ ည ၉ နာရီ ၄၅ မိနစ် လောက်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။