အကြမ်းဖက်စစ်တပ် ဖမ်းသွားတဲ့ ဒီပဲယင်းရွာသားတစ်ဦးရဲ့အလောင်းကို လမ်းဘေးမှာ ပြန်တွေ့

အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွားတဲ့ ဒီပဲယင်းမြို့နယ်၊ မဲသယ်ရွာက ပြည်သူတစ်ဦးရဲ့ အလောင်းကို လမ်းဘေးမှာ ပြန်တွေ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲသယ်ရွာသားတစ်ဦးကို ယမန်နေ့က ဖမ်းဆီးသွားပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ဒီပဲယင်းမြို့အနောက်ဘက်ရှိ စိန်ပန်းပင်တံတားအနီးမှာ တွေ့ရှိရတယ်လို့ ဒီပဲယင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘တစ်ရက်တည်းနဲ့ အသေရိုက်သတ်လိုက်တာပေါ့။ စစ်ခွေးတွေက သူတို့ရိုက်သတ်ထားတာကို တာဝန်မယူချင်တော့ အလောင်းကို လမ်းဘေးမှာပစ်ထားတယ်’ လို့ ဒီပဲယင်းမြို့ တောင်ပြင်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဒီပဲယင်းရဲစခန်းကို လက်နက်ကြီးထိမှန်ကာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မဲသယ်ရွာသားကိုဖမ်းဆီးစစ်ဆေးခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မဲသယ်ရွာဟာ ဒီပဲယင်းမြို့တောင်ဘက် တစ်မိုင်လောက်အကွာမှာ တည်ရှိပါတယ်။