လက်နက်ပွဲစား Dynasty International ကို ချက်ချင်း ဒဏ်ခတ်ဖို့ Justice For Myanmar တောင်းဆို

ဘီလာရုစ်၊ ရုရှားနဲ့ ဂျာမနီတို့က စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု ဝယ်ယူရာမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေတဲ့ Dynasty International နဲ့ အဆက်အစပ်တွေအပေါ် ချက်ချင်းပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
Dynasty Group of Companies လို့ အများသိကြပြီး အရေးပါတဲ့ မြန်မာစစ်လက်နက် ကုန်သွယ်ရေးကုမ္ပဏီ Dynasty International ကုမ္ပဏီကို ဒေါက်တာအောင်မိုးမြင့်ဆိုသူက ဦးဆောင်ပြီး ဧရာဝတီသတင်းဌာန၏ အဆိုအရ သူဟာ အရင်စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြင့်ရဲ့သား ဖြစ်ပါတယ်။
SIPRI အချက်အလက်တွေအရ မြန်မာနိုင်ငံကို ဘီလာရုစ်က စစ်လက်နက်ရောင်းချမှုမှာ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့တဲ့ Kvadrat-M မြေပြင်ကနေ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် နှစ်ခု၊ ၂၀၁၅-၁၆ ခုနှစ်မှာ ပေးပို့ခဲ့တဲ့ 3M9 မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည် (၁၀၀)၊ ၂၀၁၉ ခုနှစ်မှာ ပေးပို့ခဲ့တဲ့ Mi24/Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ( ၂ ) စီးတို့ ပါဝင်ပြီး ဒေါက်တာအောင်မိုးမြင့်ဟာ မြန်မာစစ်တပ်အတွက် ဘီလာရုစ်နိုင်ငံက အဲဒီစစ်လက်နက်ဝယ်ယူ မှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ဖွယ် ရှိတယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် Dynasty International ဟာ ဂျာမနီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Grob Aircraft SE ရဲ့ မြန်မာနိုင်ငံမိတ်ဖက်ဖြစ်ပြီး မြန်မာ့လေတပ်ဟာ Grob G 120P အမောင်းသင် လေယာဉ် ၂၀ ပါဝင်တဲ့ လေယာဉ်အုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားကာ အဲဒီလေယာဉ်တွေကို ဒေါက်တာအောင်မိုးမြင့်က ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ အရောင်းအဝယ် တစ်ခုအရ ၂၀၁၅ ခုနှစ်ကစပြီး ပေးပို့ခဲ့ခြင်း ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
လျှို့ဝှက်ပေါက်ကြားလာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းတစ်ခုအရ ၂၀၁၇ ခုနှစ်မှာ Grob ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ယူရို (၃၂၂,၂၉၂) တန် စာချုပ်အရ Dynasty ကုမ္ပဏီကို စက်အပိုပစ္စည်း အစိတ်အပိုင်း (၁၄) ခု ပေးပို့ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ Grob လေယာဉ်တွေ ပါဝင်ပြသခဲ့ပါတယ်။
Dynasty International နဲ့ ဒေါက်တာအောင်မိုးမြင့် အပါအဝင် ရှယ်ယာရှင်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေပြီး ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။
Dynasty International ဟာ ဥရောပသမဂ္ဂနဲ့ ဆက်နွှယ်မှုရှိပြီး ယူရိုငွေကြေးနဲ့ ငွေလွှဲပြောင်းမှုတွေ ဆောင်ရွက်ခဲ့ကြောင်း Dynasty International ကို ဥရောပဈေးကွက်အသုံးပြုမှု ပိတ်ပင်ဖို့ ဂျာမနီနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့မှာ အထူးတာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ Grob ရဲ့ စီးပွားရေးလုပ်ငန်းကို နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရန် လိုအပ်ကြောင်းGrob အနေနဲ့ ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖောက်ဖျက်ကျူးလွန်ပါက မြန်ဆန်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ဂျာမနီအစိုးရကို တောင်းဆိုကြောင်းလည်း Justice For Myanmar က ဆိုပါတယ်။