ထောက်ပံ့ငွေ တောင်းခံတဲ့အဖွဲ့ ၁၂ ဖွဲ့ကို ကိုရီးယားကော်မတီ ကျပ်သိန်း ၂၀ စီ ထောက်ပံ့

စစ်အာဏာသိမ်းမှု ဆန်ကျင်ရေး ကော်မတီ (ကိုရီးယား) ထံ ထောက်ပံ့ငွေ တောင်းခံလာတဲ့အဖွဲ့ ၁၂ ဖွဲ့ကို ကျပ်သိန်း ၂၀ စီ ကူညီသွားမယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) ထံ ဖေဖော်ဝါရီလအတွင်း တင်ပြတောင်းဆိုလာတဲ့ ပြည်တွင်းရှိ PDF/UG ၁၅ ဖွဲ့အနက် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကို စိစစ်ဖို့ တင်ပြခဲ့ပြီးနောက် ဝန်ကြီးဌာနတွေရဲ့ သုံးသပ်ချက်နဲ့ ထောက်ခံစာ အချက်အလက်ပြည့်စုံတဲ့အဖွဲ့ (၁၂) ဖွဲ့ကို ပေးအပ်ခြင်းဖြစ်ပါတယ်။
‘ထောက်ပံ့ငွေကို ဒီနေ့ပို့ပေးမယ်ကြားတယ်’ လို့ ထောက်ပံ့ငွေရရှိတဲ့ ဒလ PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်လောက်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) ထံ လျှောက်ထားခဲ့ခြင်း ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အခုထောက်ပံ့ငွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) က အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ထောက်ပံ့ ကူညီငွေအဖြစ် ထောက်ပံ့ခြင်းဖြစ်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) ကထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ အနေနဲ့ကတော့ ရရှိလာတဲ့ ရန်ပုံငွေကို အချိုးကျ စီမံသုံးစွဲရပါတယ်။ မြို့ပြမှာရှိတဲ့ Local PDF တွေအတွက် လက်နက်ပစ္စည်းနဲ့ မစ်ရှင်လုပ်တဲ့နေရာမှာ သုံးစွဲရသလို EAO တွေဆီမှာ ရောက်နေတဲ့ ကိုယ့်မြို့နယ်က PDF တွေအတွက်လည်း သုံးစွဲရပါတယ်’ လို့ ဒလ PDF ရဲ့တာဝန်ရှိသူကပြောပါတယ်။
ထောက်ပံ့ငွေရရှိတဲ့ ၁၂ ဖွဲ့မှာ People’s Defense Force DaLa(ဒလမြို့နယ်)၊ မင်းကင်းမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ် (MKPDF)၊ Kani People Defense Force 1 (ကနီမြို့နယ်)၊ ဗမာပြည်သူ့လွတ်လပ်ရေး တပ်မတော် (BPLA)၊
ဗမာ့ဇာမဏီအဖွဲ့ ဗဟိုဌာနချုပ်၊ People Defense Force NTI (နွားထိုးကြီးမြို့နယ်)၊ ဆရာစံ YMB PDF (ယင်းမာပင်မြို့နယ်)၊ ကျော် (KYAW -UGW) (ဂန့်ဂေါမြို့နယ်)၊ ဗန်းမော် ပြည်သူ့ကာကွယ်ရေးတပ် Bhomo PDF (Kachin Region)၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်မြို့နယ်)၊ Chaung U Revolution Army (C.R.A) (ချောင်းဦးမြို့နယ်) နဲ့ L.W.G.R.F (ခင်ဦးမြို့နယ်) တို့ ဖြစ်ပါတယ်။