အစ္စရေးနဲ့ ထိုင်ဝမ်တို့က ယူကရိန်းကို လူသားချင်းစာနာမှုနဲ့ ဆေးပစ္စည်းတွေပေးပို့

ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းစစ်ပွဲအတွင်း အစ္စရေးနိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတို့ကနေ လူသားချင်းစာနာမှု အထောက်အပံ့နဲ့ ဆေးဝါးပစ္စည်းတွေ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
စစ်ပွဲအတွင်း ပိတ်မိနေသူတွေအတွက် အစ္စရေးက လူသားချင်းစာနာမှု အထောက်အပံ့ တန် ၁၀၀ ကို ပိုလန်နိုင်ငံကတစ်ဆင့် ပေးပို့ခဲ့ပြီး၊ ထိုင်ဝမ်ကတော့ ဆေးဝါးပစ္စည်း ၂၇ တန်ကို ဂျာမန် လေကြောင်းကတစ်ဆင့် ပေးပို့ခဲ့တာပါ။
စစ်ပွဲကာလအတွင်းမှာ အစ္စရေးနိုင်ငံဟာ ယူကရိန်းပြည်သူတွေဘက်က ရပ်တည်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် ဆီးရီးယားရဲ့ လုံခြုံမှုပူးပေါင်းဆောင်ရွက်ရေးမှာ အားပြုနေရတဲ့ ရုရှားကို အနောက်နိုင်ငံတွေနဲ့အတူ ပြစ်တင်ရှုတ်ချဖို့တော့ သတိကြီးကြီးထားနေပါတယ်။
ဖုန်းတွေကနေ ကားတွေအထိ နည်းပညာပစ္စည်းတွေအတွက် အရေးပါတဲ့ ဆီမီကွန်ဒတ်တာ ချစ်ပ်ပြားတွေ အဓိကထုတ်လုပ်နေတဲ့ ထိုင်ဝမ်ကတော့ ရုရှားကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။