အကြမ်းဖက်စစ်တပ်လိုအင် မဖြည့်ဆည်းပေးနိုင်တဲ့ ရဲတွေ စောင့်ကြည့်ခံနေရ

Photo- EPA
အကြမ်းဖက်စစ်တပ်လိုအင်ကို မဖြည့်ဆည်းပေးနိုင်တဲ့ ရဲ တွေ စောင့်ကြည့်ခံနေရတယ်လို့ ရန်ကုန်မြို့မှာ လက်ရှိတာဝန်ထမ်းနေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းသက်တမ်း ကြာလာတာနဲ့အမျှ နယ်မြေအလိုက် တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရဲတပ် ဖွဲ့ဝင်တွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံလာကြသလို လိုင်းကြေးငွေ ခွဲပေးနိုင်တဲ့ ရဲတွေကိုသာ ကြည်ဖြူစွာ ဆက်ဆံတော့ကြောင်း သိရပါတယ်။
‘လာဘ်စားတဲ့ ရဲတွေကတော့ သူတို့စစ်တပ်ကိုလည်း ပေးနိုင်ကျွေးနိုင်တော့ အဆင်ပြေတာပေါ့။ စစ်တပ်ကို ပေးတယ်ဆိုတာကလည်း သူတို့လာဘ်စားတာ တစ်စုံတစ်ရာ ပြဿနာမတက်အောင် အကာအကွယ် ယူတဲ့သဘောပါ။
လာဘ်မစားတဲ့ ရဲတွေကတော့ မပေးနိုင်တော့ လုံးဝမကြည်ဘူး။ ဒီကောင်တွေကို သတိထားစောင့်ကြည့်ဆိုပြီး မှာတာတွေ ပြန်ကြားနေရတယ်။ ဒီကောင်တွေ ဘာလို့လာဘ်မစားတာလဲ။ ဖရဲသီးတွေလား ဆိုပြီးတော့’ လို့ သူကပြောပါတယ်။
လာဘ်မစားတဲ့ ရဲတွေထဲက အကြမ်းဖက်စစ်တပ်ခိုင်းသမျှ လိုက်မလုပ်ပေးနိုင်တဲ့ ရဲတွေဆိုပါက သူတို့လက်အောက်ငယ်သားပမာ ဆူပူကြိမ်းမောင်းခံရတယ်လို့လည်းသိရပါတယ်။
‘တချို့နေရာတွေမှာဆိုရင် စစ်တပ်က သူတို့ကိုယ်တိုင် သတင်းပေးမွေးပြီး လောင်းကစားတွေ၊ အနှိပ်ခန်းတွေဆီက သူတို့သတင်းပေးကနေတစ်ဆင့် လိုင်းကြေးပြန်ကောက်တာတွေရှိတယ်။ ရဲတွေရဲ့ဂွင်ကို ဝင်လုတဲ့သဘောပေါ့’ လို့ သူကဆက်ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ရဲတပ်ဖွဲ့ဝင်တွေ အကြီးအကျယ်လာဘ်စားသူတွေလည်း ရှိနေပြီး တက်ကြွလှုပ်ရှားမှုနည်းတဲ့မြို့တွေမှာ တာဝန်ကျတဲ့ရဲတွေဟာ ပိုလာဘ်စားနေကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) က ရဲမှူးမြင့်အောင်ကို အကြမ်းဖက်စစ်အုပ်စုက နေပြည်တော် အစည်းအဝေး အပြန်မှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကို မသိသေးဘူးလို့ Myanmar Police CDM Channel က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အင်းစိန် CID ဒုရဲမှူးကြီး ဇော်ဝင်းကို၊ ယင်းမာပင်ခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်နွယ်ဦးတို့ကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။