ယူကရိန်းကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ အာဆီယံ တိုက်တွန်း

Photo- Reuters
အာဆီယံက ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ ရက်စက်မှုတွေအတွက် စိုးရိမ်ကြောင်းနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့ပေမယ့် ရုရှားရဲ့ ကျူးကျော်မှုအပေါ် ပြစ်တင်ရှုတ်ချတာတွေ၊ ဒဏ်ခတ်ပိတ်ဆို့ရာမှာ ပါဝင်မှုတွေ မရှိခဲ့ပါဘူး။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး “သက်ဆိုင်ရာ နိုင်ငံများက အကြီးမားဆုံး စောင့်ထိန်းမှုနှင့် ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံမှ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်နိုင်မည့် အစွမ်းကုန် အားထုတ်မှုများ ဖြစ်ပေါ်စေလိုကြောင်း” တိုက်တွန်းချက် ပါဝင်ပါတယ်။
“အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုနဲ့ နိုင်ငံတိုင်းရဲ့ တန်းတူအခွင့်အရေးရှိမှုတွေအပေါ် အပြန်အလှန်လေးစားဖို့ဆိုတဲ့ မူဝါဒတွေကို စွဲကိုင်ဖို့ ပါဝင်တဲ့နိုင်ငံတွေအားလုံးမှာ တာဝန်ရှိကြောင်း” အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံနိုင်ငံတွေဟာ နှစ်ပတ်လည် နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေး ဆွေးနွေးမှုတွေမှာ ရုရှားကို အဓိက ဆွေးနွေးဖက်နိုင်ငံတွေထဲကတစ်ခုအဖြစ် နှစ်စဉ် ဖိတ်ကြားလေ့ရှိပါတယ်။