ခရမ်းရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကားမိုင်းဆွဲခံရမှုကြောင့် ၁၁ ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ စစ်ကားမိုင်းဆွဲခံရမှုကြောင့် စစ်အုပ်စုဝင် ၁၁ ဦး သေခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ညနေ ၃ နာရီလောက်က ခရမ်းမြို့နယ်၊ ပိန်းကန်ရွာ၊ ပိန်းကန်ရဲစခန်းကို ခရမ်း PDF က ၄၀ (မမ) နဲ့ ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်ရဲ ၅ ဦးသေ၊ ၃ ဦးဒဏ်ရာရ (၁ ဦး ဒဏ်ရာပြင်း) ရကာ ခရမ်း PDF ဘက်က ထိခိုက်မှု လုံးဝမရှိဘူးလို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
ပိန်းကန်ရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကူအဖြစ် ဆင်းလာတဲ့ စစ်ကား ၄ စီးကို ခရမ်း PDF က တမံကြီးကျေးရွာအထွက် တံတားနားအရောက် အဝေးထိန်းမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး မောင်းလို့မရတော့တဲ့အထိ ပျက်စီးသွားခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေ၊ ၉ ဦးဒဏ်ရာရ (၇ ဦး ဒဏ်ရာပြင်းထန်) တယ်လို့ ခရမ်းချန်နယ်ကဆိုပါတယ်။
‘ရဲရောစစ်ခွေးတွေရော စုတ်ပြတ်သတ်နေအောင် ခံရတယ်။အဲဒါပြီးတော့ မြို့အဝင်အထွက် တင်းကျပ်တယ်။ ပြည်သူကိုရန်ရှာတာပေါ့။ ကျွန်တော်တို့ ပြည်သူတွေက စခတွေအကြောင်းသိလို့ အိမ်ပြင်သိပ်မထွက်ကြတော့ဘူး’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
တမံကြီးကျေးရွာအထွက်မှာ စစ်ကားနှစ်စီးဟာ ဆင်ထားတဲ့ အဝေးထိန်းမိုင်းနှစ်လုံး တည့်တည့်ထိမှန်ခဲ့တာကြောင့် ကား ၂ စီးစလုံး မောင်းလို့မရတဲ့အထိ ပျက်စီးခဲ့ကာ လယ်ထွန်စက်နဲ့ ဆွဲထုတ်ခဲ့ရတယ်လို့ ခရမ်းချန်နယ်က ဆိုပါတယ်။
‘များသောအားဖြင့် စစ်ခွေးတွေက သူတို့သေတာ လူသိမှာ အရမ်းကြောက်တော့ ဖုံးဖိကြတယ်။ မနေ့ညနေတုန်းကတော့ မရှူနိုင်မကယ်နိုင် အခြေအနေမို့ လူနာတင်ယာဉ်တွေက ခရမ်းနဲ့တင်မလောက်လို့ သုံးခွလူနာတင်ယာဉ်ပါ ခေါ်ရတဲ့ဘဝရောက်တယ်’ လို့ တက်ကြွလှုပ်ရှားသူက ဆိုပါတယ်။ယမန်နေ့တိုက်ပွဲမှာ ခရမ်း PDF ဘက်က ထိခိုက်မှုလုံးဝမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။