စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး ဆိုပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှစတင်ကာ စစ်အုပ်စု သပြေအေးကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာနဲ့ ဝါးစိမ်းတောင်ဒေသတွေကို လေယာဉ် ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် သပြေအေးကျေးရွာကို အင်အား ၆၀ ခန့်နဲ့ ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။
မြေပြင်သတင်းတွေအရ သပြေအေးကျေးရွာသားတစ်ဦးကိုလည်း စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာမှာလည်း တပ်စွဲထားပြီး မူကြိုကလေး ၈၀ကျော်ကို ဖမ်းဆီးထားကာ ပြည်သူ ၆ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။