Photo- AFP
ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ Myanmar Police CDM Channel က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ရဲမှူးမြင့်အောင်ကို နေပြည်တော်အစည်းအဝေး အပြန်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး ဘာ့ကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
“သတင်းကြားနေတာ ၃ ရက်လောက်တော့ရှိပြီ ဖမ်းခံထားရတယ်လို့ ကြားနေရတာ၊ ဘာ့ကြောင့်လဲဆိုတာ မသိဘူး၊ အခု အချင်းချင်းလဲ မယုံကြတော့ဘူး” လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်အုပ်စုဟာ တပ်တွင်း အချင်းချင်းယုံကြည်မှုကင်းမဲ့နေပြီး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်ကာ ဆက်တိုက်ဖမ်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။
စစ်အုပ်စုဟာ အင်းစိန် CID မှ ဒုရဲမှူးကြီး ဇော်ဝင်းကို၊ ယင်းမာပင်ခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်နွယ်ဦးတို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ တပ်တွင်းမှာပင် CDM လုပ်ဆောင်နိုင်ခြင်း မရှိပေမဲ့ တော်လှန်ရေးအင်အားစုတွေကို ငွေကြေးလှူဒါန်းနေသူတွေ တော်လှန်ရေးအင်အားစုတွေကို သတင်းပေးပို့နေသူတွေ များစွာရှိနေခဲ့ပါတယ်။