စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ မူကြိုကျောင်းက ကလေးငယ် ၈၀ ကို အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်၊ မနက် ၉ နာရီလောက်က ချင်းပုန်းရွာနဲ့အနီး ဝန်းကျင်ရွာတွေကို စစ်ရေးနဲ့အရပ်ဘက်ပစ်မှတ်မခွဲဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ကာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ချင်းပုန်းရွာထဲ ဝင်ရောက်စီးနင်းခဲ့ကြောင်း ချင်းပုန်းရွာက မူကြိုဆရာမတွေဟာ အကြမ်းဖက်စစ်တပ် ဝင်ရောက်လာတာကြောင့် မူကြိုကျောင်းမှာစာသင်နေတဲ့ ကလေး ၈၀ ကို နီးစပ်ရာဘုန်းကြီးကျောင်းရဲ့ မြေအောက်ခန်းထဲ ရွှေ့ပြောင်းခဲ့ကြောင်း ညနေပိုင်းမှာ အကြမ်ဖက်စစ်တပ်ဟာ မြေအောက်ခန်းထဲက ကလေးငယ်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကလေး မိဘတချို့ကို ဖမ်းဆီးခဲ့ကြောင်း ဒါ့အပြင် တိမ်းရှောင်နေတဲ့ရွာသားတွေ ရွာပြန်မလာပါက ရွာကိုမီးရှို့ပစ်မယ်လို့ လော်စပီကာနဲ့ ကြေညာခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်ပါတယ်။
ကလေးငယ်တွေကို အခုလို ဖမ်းဆီးထားတာဟာ ဓားစားခံအဖြစ် ဖမ်းဆီးထားတာလို့ ယူဆပြီး ဒါဟာ ပဋိပက္ခကာလအတွင်း ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ကလေးသူငယ်၊ ဆရာ၊ ဆရာမနဲ့ မိဘတွေကို ချက်ချင်းလွှတ်ပေးဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကလေးသူငယ်တွေ လွတ်မြောက်ရေး၊ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုစားရေးအတွက် ပံ့ပိုးကူညီပေးကြဖို့လည်း မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ပါတယ်။