စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ တရားမဝင်လုပ်ငန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းညွှန် ချက်နဲ့အညီ ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
ကသာမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပြုလုပ်ခြင်း၊တရားမဝင်သစ်ခုတ်၊ သစ်ခွဲ၊ သစ်စက်လည်ခြင်းနဲ့သယ်ဆောင်ခြင်း၊ စစ်အုပ်စု ထုတ်ကုန်ရောင်းဝယ်ခြင်း၊တရားမဝင် ရွှေသတ္တုနဲ့ အခြားသယံဇာတ တူးဖော်ခြင်းနဲ့နိုင်ငံပိုင် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ဧရိယာအတွင်း တရားမဝင် နှစ်ရှည်ပင်စိုက်ပျိုးခြင်းတို့ ပြုလုပ်ပါက အရေးယူသွားမှာဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ ဒေသတွင်း အကြမ်းဖက်စစ်တပ်နဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးပိုင်းတွေဟာ ကသာမြို့နယ်အတွင်း လိုင်းကြေးရယူကာ (လာဘ်ငွေရယူ) တရားမဝင်လုပ်ငန်းတွေကို လွှတ်ပေးထားတာ အခုလို ထုတ်ပြန်ခြင်း ဖြစ်နိုင်တယ်လို့ ကသာမြို့ရပ်ကွက် ၅ နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘ကသာမှာ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားဝိုင်းတွေ၊ သစ်ခိုးထုတ်တာတွေ တော်တော်ဆိုးတယ်။ အဲလိုလုပ်တဲ့ ကောင်တွေကလည်း လိုင်းကြေးပေးရုံတင် မကဘူး။ PDF သတင်းပါပေးကြတယ်။ သူတို့အကျိုးရှိဖို့ ဘယ်သူသေသေ ငတေမာရင်ပြီးရောတွေ’ လို့ သူကပြောပါတယ်။